ပြည်တွင်းလုပ်ငန်းရှင်များမှ အမိုးတင်ဆိုလာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
23 Nov
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အဆောက်အအုံအမိုးများပေါ်တွင် ဆိုလာပြားတပ်ဆင်၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရောင်းချမည့် စီမံကိန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံကြရန်နှင့် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ဖိတ်ခေါ်ခဲ့ပါတယ်။ စီမံကိန်းမှာ ပုဂ္ဂလိကကုမ္ပဏီများက အရင်းအနှီးစိုက်ထုတ်ပြီး ဆိုလာပြားတပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဓာတ်အားထုတ်လုပ် ရောင်းချခြင်း တို့ကို တာဝန်ယူမှာဖြစ်ပါတယ်။ အဆောက်အအုံပိုင်ရှင်များသည် တပ်ဆင်စရိတ်စိုက်ထုတ်ရန်မလိုဘဲ လစဉ်သုံးစွဲ သည့် ဓာတ်အားခအပေါ်နှုန်းထားလျှော့ပေါ့မှုရရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ လုပ်ငန်းဆောင်ရွက်လိုတဲ့ ကုမ္ပဏီများအနေဖြင့် ဝန်ကြီးဌာနတွင်မှတ်ပုံတင်ရမှာဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီတဲ့ ကုမ္ပဏီများကို အချိန်တိုအတွင်း ခွင့်ပြုပေးနေကြောင်း သိရပါတယ်။ ဝန်ကြီးဌာနက အဆိုပါ ကုမ္ပဏီ များနှင့်နှစ်ရှည်စာချုပ်ချုပ်ဆို၍ ထုတ်လုပ်သည့်ဓာတ်အားကို ဝယ်ယူလျက်ရှိပြီး ဆိုလာပြားများတပ်ဆင်ရာတွင် နည်းပညာသတ်မှတ်ချက်များကို လိုက်နာပြီး အပူလွန်ကဲမှုကြောင့် အဆောက်အအုံထိခိုက်မှုမဖြစ်စေရန်လည်း စီစဉ်ထားရှိပါတယ်။ ပထမအဆင့်အဖြစ် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ရှိ နိုင်ငံတော်ပိုင်ရုံးများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဈေးများနှင့် စီးပွားရေး၊ စက်မှုလုပ်ငန်းသုံး အဆောက်အအုံများတွင် စတင်တပ်ဆင်နေပြီး ဒုတိယအဆင့်တွင် လူနေအိမ်များအထိ တိုးချဲ့တပ်ဆင်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)