တရုတ်ဈေးကွက်သို့ မြန်မာ့အရည်အသွေးမြင့်ကော်ဖီများ တိုးချဲ့တင်ပို့နိုင်ရေး ဖော်ဆောင်နေ
23 Nov
တရုတ်နိုင်ငံ၏ဈေးကွက်အတွင်းသို့ မြန်မာနိုင်ငံထွက်အရည်အသွေးမြင့် အာရေဗီကာနှင့်ရိုဘတ်စတာ ကော်ဖီများကို တိုးချဲ့တင်ပို့ရောင်းချနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းအချင်းချင်း တိုက်ရိုက်ချိတ်ဆက်သည့် B2B လမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။ မြန်မာ့ကော်ဖီ များကို ဈေးကွက်ကျယ်ပြန့်သည့် တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးနှင့်ဈေးကွက်ဝေစု ပိုမိုရရှိလာစေ ရေးအတွက် လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရ ပါတယ်။ လာမည့်ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့ကော်ဖီဈေးကွက်ကြီးတစ်ခုအဖြစ် ပိုမိုတိုးတက်လာ နိုင်သည့် အလားအလာရှိနေသည့်အတွက် မြန်မာ့ကော်ဖီလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အခွင့်အလမ်းများကို ကြိုတင်ရယူနိုင်ရန်နှင့် ပို့ကုန်ဝင်ငွေ၊ အကျိုးအမြတ်များ ပိုမိုရရှိနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကော်ဖီအသင်းအနေဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကော်ဖီသင်တန်းကျောင်းများ၊ ကော်ဖီအသင်းအဖွဲ့များနှင့် ကုန်သည်ကြီးအသင်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံအတွင်း ကော်ဖီတန်ဖိုးမြှင့် ထုတ်လုပ်ရေးစက်ရုံ များ၊ ကော်ဖီလှော်စက်ရုံများနှင့်ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက် နိုင်ရေးအတွက် တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံတွင် ကော်ဖီကို ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ အဓိကစိုက်ပျိုးထုတ်လုပ် လျက်ရှိပြီး ကုန်းမြင့်ဒေသများတွင် အာရေဗီကာကော်ဖီမျိုးများကို အများဆုံးစိုက်ပျိုးကြကာ မြေနိမ့်ဒေသများတွင် ရိုဘတ်စတာကော်ဖီမျိုးများကို အဓိကစိုက်ပျိုးကြကြောင်း သိရပါတယ်။ (NVS 004)