ထိုင်းနိုင်ငံ ဖူးခက်ဒေသ၌ မောင်းသူမဲ့ဒရုန်းတက္ကစီယာဉ်များ ၂၀၂၇ ခုနှစ်တွင်စတင်ပြေးဆွဲမည်
23 Nov
ထိုင်းနိုင်ငံ ဖူးခက်လေဆိပ်နှင့်ဖူးခက်မြို့လယ်ခေါင်အကြား မောင်းသူမဲ့ဒရုန်းတက္ကစီယာဉ်များကို လာမည့် နှစ်မှစတင်၍ ပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ဘတ် ၂,၀၀၀ ကျသင့်မည်ဖြစ်သည်။ ၂၀၂၇ ခုနှစ်တွင် ဖူးခက်နိုင်ငံတကာလေဆိပ်၌ လူမပါဘဲ အလိုအလျောက်ပျံသန်းနိုင်သည့် ဒရုန်းတက္ကစီဝန်ဆောင်မှုများကို စတင်မိတ်ဆက်ရန် စီစဉ်ထားကြောင်း လေကြောင်းနည်းပညာကုမ္ပဏီ Sky ICT ၏အမှုဆောင်ချုပ် ဆစ်သီဒေ့ဂျ်မာယာလာ့ပ်က ပြောကြားသည်။ ယခုစီမံကိန်းအတွက် စီးပွားရေးပုံစံများနှင့် ဖြစ်နိုင်ခြေလေ့လာမှုများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ရန် အဆိုပါကုမ္ပဏီက မျှော်မှန်းထားသည်။ အဆိုပါဝန်ဆောင်မှုသည် ကမ်းခြေအနီးရှိ ဟိုတယ်များသို့ တိုက်ရိုက်သွားရောက်လိုပြီး ငွေကြေးသုံးစွဲ နိုင်စွမ်းမြင့်မားသည့် ပြည်ပခရီးသွားများကို ပစ်မှတ်ထားခြင်းဖြစ်ကာ လေယာဉ်ခရီးစဉ်ပုံစံသစ်ဖြစ်သည့်အတွက် ခရီးသည်များစွာ စိတ်ဝင်တစားအသုံးပြုလာကြလိမ့်မည်ဟု ၎င်းကပြောကြားသည်။ မိမိတို့အနေဖြင့် သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနှင့်ဖူးခက်လေဆိပ်တို့၌ အလိုအလျောက်ဝန်ဆောင်မှုပေးသည့် စက်ရုပ်များဖြင့် ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း Sky ICT ၏အမှုဆောင်ချုပ်ကပြောကြားခဲ့ကြောင်း VN Express ဖော်ပြချက်အရ သိရသည်။