ကမ္ဘောဒီးယားနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်မှုအသစ် ပြန်လည်တွေ့ရှိ
23 Nov
ကမ္ဘောဒီးယားနိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်မှု ကင်းစင်နေခဲ့သည်မှာ နှစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ပြီး နောက် ရောဂါကူးစက်ခံရသူလူနာသစ်တစ်ဦးကို ပထမဆုံးအကြိမ် ပြန်လည်စစ် ပြန်လည်စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါလူနာသည် နိုဝင်ဘာလ ၂၀ ရက်က ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။ ကမ္ဘောဒီးယား နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် မေလအတွင်း အဆိုပါရောဂါကူးစက်ခံရသူ ၂၀ ဦးအထိ တွေ့ရှိခဲ့ ဖူးသည်။ အဆိုပါလူနာသည် နိုင်ငံအတွင်း၌ လပေါင်း ၃၀ နှင့် ခြောက်ရက်တာကာလအတွင်း ရောဂါကင်းစင်ခဲ့ပြီး နောက် ပထမဆုံးအကြိမ် ရောဂါပြန်လည်တွေ့ရှိသည့်လူနာ ဖြစ်သည်။ ရောဂါအစုလိုက်အပြုံလိုက် ကူးစက်ခြင်း သို့မဟုတ် အကြီးအကျယ်ပျံ့နှံ့ခြင်းများမဖြစ်ပွားစေရန်အတွက် ပြည်သူအားလုံးအနေဖြင့် သတိဝီရိယရှိကြရန်နှင့် မိမိကိုယ်တိုင်နှင့်မိသားစုများ၏ကျန်းမာရေးကို ဂရုစိုက်ကာကွယ်ကြရန် ဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ အဆိုပါဗိုင်းရပ်စ်သည် လိင်ဆက်ဆံမှုပုံစံအားလုံးမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သကဲ့သို့ အနာများ၊ ခန္ဓာကိုယ်အရည်များ၊ တံတွေး သို့မဟုတ် ရောဂါပိုးကပ်ငြိနေသော အသုံး အဆောင် ပစ္စည်းများနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်မှသန္ဓေသားသို့ ချက်ကြိုးမှတစ်ဆင့်ကူးစက်နိုင်ပြီး မွေးဖွားပြီးနောက်တွင်လည်း ကူးစက်နိုင်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။