“DAP အခြေခံ ၁၅ ပတ်လည် ကွန်ပေါင်းဓာတ်မြေဩဇာ တင်သွင်းလိုသည့်ကုမ္ပဏီများကို ဈေးနှုန်းယှဉ်ပြိုင် စနစ်ဖြင့် ဖိတ်ခေါ်”
22 Nov
DAP အခြေခံ ၁၅ ပတ်လည် ကွန်ပေါင်းဓာတ်မြေသြဇာများ တင်သွင်းနိုင်ရေးအတွက် ဖြန့်ဖြူးဈေးနှုန်း ယှဉ်ပြိုင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေသြဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်း(MFSPEA)က ထုတ်ပြန်ထားရှိပါတယ်။ ဒီဇင်ဘာလအတွက် မြေသြဇာတင်သွင်းမှုကို ယူရီးယားဓာတ်မြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အရည်အသွေးပြည့်မီကာ ဈေးနှုန်းသင့်တင့်မှန်ကန်သည့် ကွန်ပေါင်းဓာတ်မြေသြဇာများ တင်သွင်းနိုင်ရန် ရည်ရွယ်ထားရှိပါတယ်။ ဖြန့်ဖြူးဈေးနှုန်းယှဉ်ပြိုင်စနစ်ဖြင့် ဓာတ်မြေသြဇာတင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် ဦးဆောင် ကော်မတီနှင့် MFSPEA အသင်းတို့ထံ နိုဝင်ဘာ ၂၆ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်လျှောက်ထားကြရန် ဖိတ်ခေါ်ထားရှိပါတယ်။ ဒါ့အပြင် နိုဝင်ဘာလအတွက် ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် MFSPEA အသင်းဝင် ကုမ္ပဏီများက တောင်သူများ အဓိကသုံးစွဲသည့် ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၂၄,၆ဝဝ နှင့် DAP အခြေခံ ၁၅ ပတ်လည် ကွန်ပေါင်းဓာတ်မြေသြဇာ ၅၀ ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ရန်ကုန်အထိုင် လက်ကားဈေးအဖြစ် ရောင်းချပေးလျက်ရှိပါတယ်။ အဆိုပါဈေးနှုန်းများအတိုင်း လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလိုသည့် တောင်သူများအနေဖြင့် စုပေါင်း ဝယ်ယူမှုစနစ်ဖြင့် ရန်ကုန်၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာအာဏာပိုင်များမှ တစ်ဆင့် သက်ဆိုင်ရာကုမ္ပဏီများနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် ဓာတ်မြေသြဇာဝယ်ယူလိုသူများကို သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်ပေးမည်ဖြစ်ပြီး ဒေသအနှံ့ရှိ အရောင်းဆိုင်များတွင် ပုံမှန်ဈေးနှုန်းထက် ဈေးပိုမိုမြင့်တက် ရောင်းချမှုများရှိပါကလည်း အသင်းထံသို့ သတင်းပေး နိုင်ကြောင်း MFSPEA အသင်း၏ ထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 004)