“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ရေးအတွက် အလွတ်သဘောမဲခွဲပွဲ လုံခြုံရေးကောင်စီကျင်းပ”
22 Nov
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်ရေးအတွက် လုံခြုံရေးကောင်စီက နိုဝင်ဘာလ ၂၀ ရက်တွင် ကျင်းပခဲ့သည့် အလွတ်သဘောမဲခွဲပွဲ၌ ကော်စတာရီကာ ဒုတိယသမ္မတဟောင်း ရီဘက်ကာ ဂရင်းစပင်း ကို လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံတို့က ကန့်ကွက်မဲများပေးထားကြောင်း သံတမန်သတင်းအရင်းအမြစ် များက ထုတ်ဖော်ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ ကော်စတာရီကာ ဒုတိယသမ္မတဟောင်း ရီဘက်ကာ ဂရင်းစပင်း သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲ၌ အနိုင်ရရှိရန် အလားအလာကောင်းနေသူဖြစ်သည်။ နိုဝင်ဘာလ ၂၀ ရက်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလွတ်သဘောမဲခွဲပွဲတွင် ရီဘက်ကာ ဂရင်းစပင်း သည် ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ လေးမဲ ရရှိထားကြောင်းသိရသည်။ ၎င်းရရှိခဲ့သော ကန့်ကွက်မဲ လေးမဲအနက် နှစ်မဲမှာ ဗီတိုအာဏာသုံးပိုင်ခွင့်ရှိသော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံတို့၏ ကန့်ကွက်မဲများဖြစ်ကြောင်း သံတမန်သတင်းအရင်းအမြစ်များက ပြောကြားထားသည်။ နိုဝင်ဘာလ ၂၀ ရက် လုံခြုံရေးကောင်စီ အလွတ်သဘောမဲခွဲပွဲမှ ပေါ်ထွက်လာသည့် အဆိုပါရလဒ်ကြောင့် ကုလသမဂ္ဂသည် ယာယီအားဖြင့် ခေါင်းဆောင်မဲ့သွားနိုင်ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၀ ရက် လုံခြုံရေးကောင်စီ အလွတ်သဘောမဲခွဲပွဲသည် ကုလသမဂ္ဂအကြီးအကဲသစ် ရွေးချယ်ရေးအတွက် လုံခြုံရေးကောင်စီက ကျင်းပခဲ့သော အဋ္ဌမမြောက် မဲခွဲပွဲဖြစ်ကြောင်းသိရသည်။