“မအူပင်(တောင်)ရေနံမြေ တွင်းအမှတ်(၁၅)မှ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ”
21 Nov
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်(တောင်)ရေနံမြေရှိ တွင်းအမှတ်(၁၅)တွင် သဲကြောမှ သဘာဝဓာတ်ငွေ့များ ကို စမ်းသပ်ထုတ်ယူခဲ့ရာ တစ်ရက်လျှင် နှစ်ကုဗပေသန်း တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက နိုဝင်ဘာလ ၂၀ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းနှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍများတွင် အသုံးပြုရန်လိုအပ်မည့် သဘာဝဓာတ်ငွေ့များကို ပိုမိုဖြည့်ဆည်းထုတ်လုပ်ပေးနိုင်ရန် အလားအလာရှိသော ရေနံမြေများတွင် စူးစမ်းရှာဖွေခြင်း၊ ထုတ်ယူနိုင်မည့်ပမာဏကို တိုင်းတာစစ်ဆေးခြင်း၊ အတည်ပြုပြီးနေရာများတွင် တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ တွင်းဟောင်းများ ပြုပြင်ထုတ်လုပ်ခြင်းတို့အပြင် နည်းပညာအသုံးပြု၍ သုတေသနပြုလုပ်ပြီး သဲကြောများ တိုးချဲ့ရှာဖွေထုတ်လုပ်ခြင်း၊ ပါးလွှာသဲကြောများမှ ထုတ်ယူခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ဆောင်ရွက်မှုများကြောင့် မအူပင်(တောင်)ရေနံမြေရှိ တွင်းအမှတ်(၁၅)၏ အနက်ပေ ၅,၉၀၀ ရှိ သဲကြောကို စမ်းသပ်ဖောက်ယူခဲ့ရာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၂ သန်းခန့် တိုးတက်ထုတ်ယူ နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး အဆိုပါဒေသရှိ တွင်းအမှတ်(၁၇)နှင့် (၁၉)တို့တွင်လည်း သဲကြောများ တိုးချဲ့ရှာဖွေ၍ ဓာတ်ငွေ့ ထုတ်လုပ်နိုင်ရန် ဆက်လက်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့အတွင်းရှိ ရေနံမြေများတွင် တွင်းသစ် တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့ များကို တိုးမြှင့်တောင်းခံထားသော စက်ရုံများသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)