“ICJ က ချမှတ်ခဲ့သည့်စီရင်ချက်အပေါ် မြန်မာနိုင်ငံအစိုးရအနေဖြင့် အချိန်ယူ၍ အလေးထားလေ့လာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်”
21 Nov
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် မြန်မာနိုင်ငံအစိုးရအနေဖြင့် အချိန်ယူ၍ အလေးထားလေ့လာသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားရှိပါတယ်။ အဆိုပါထုတ်ပြန်ချက်တွင် စွပ်စွဲချက်များသည် ကြီးလေးသောစွပ်စွဲမှုဖြစ်၍ မြန်မာနိုင်ငံအစိုးရက အထူးအလေး ထားကာ ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး တရားရုံးတွင် အမှုစတင်တင်သွင်းသည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ ၇ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရင်ဆိုင်မှုတွင် ရိုးဖြောင့်စွာဖြင့် ပါဝင်ခဲ့ကြောင်း၊ အမှု၏ အဓိကအချက် ဖြစ်သော လူမျိုးသုဉ်းစေမှု ကျူးလွန်မှုရှိ/မရှိ ကိစ္စအပေါ် ထောက်ခံမဲ(၉)မဲ၊ ကန့်ကွက်မဲ(၆)မဲ၊ အများစုမဲအသာဖြင့် ဆုံးဖြတ်ခဲ့သည့် တရားရုံး၏စီရင်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် များစွာစိတ်ပျက်အားလျော့မိကြောင်း၊ တရားရုံး ဒုတိယဥက္ကဋ္ဌနှင့် သက်တမ်းအရင့်ဆုံး တရားသူကြီးများပါဝင်သည့် တရားသူကြီး(၅)ဦး၊ စုစုပေါင်းတရားသူကြီး(၆)ဦး၏ သဘောထားကွဲလွဲမှုအမြင်အရ တရားရုံးသည် ရေရှည်ကြာမြင့်စွာ ကျင့်သုံးလာခဲ့သည့် အစဉ်အလာစီရင်ထုံးဖြစ်သော လူမျိုးသုဉ်းစေမှုကျူးလွန်သည်ဟု ဆုံးဖြတ်ရာတွင် ထားရှိရမြဲသက်သေအဆင့်အတန်းများမှ သွေဖည်ခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။ ရခိုင်အရေးကိစ္စသည် ရှုပ်ထွေးသော သမိုင်းနောက်ခံအခြေအနေ၊ လူမျိုးရေးနှင့် ဘာသာရေး အခြေခံများ ရှိနေပြီး အထူးသဖြင့် အဆိုပါကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလျက် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သင့်ပြီး အခြေအနေပိုမိုကောင်းမွန်စေရေးအတွက် အပြုသဘောဖြင့် ပူးပေါင်းပါဝင်သင့်ပါကြောင်းထည့်သွင်း ဖော်ပြထားရှိကာ မြန်မာနိုင်ငံအစိုးရအနေဖြင့် စီရင်ချက်ကိုအချိန်ယူ၍ အလေးထားလေ့လာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 004)