“ပြည်ထောင်စုအစိုးရ ကထိန်ပွဲကျင်းပ”
20 Nov
ပြည်ထောင်စုအစိုးရ၏ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၁၉ ရက်က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်အတွင်း အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် အကျိုးတော်ဆောင် မန္တလေးမစိုးရိမ်တိုက်သစ် ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ တို့ အမှူးပြုတဲ့ ဆရာတော် ၂၇ ပါး ကြွရောက်တော်မူခဲ့ပါတယ်။ သမ္မတနှင့် ဇနီးအပါအဝင် တက်ရောက်လာသူများက သန်လျင်မင်းကျောင်းဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တဲ့ မေတ္တသုတ်ပရိတ်တရားတော်ကို နာယူခဲ့ကြပါတယ်။ အဲဒီနောက် သမ္မတနှင့်ဇနီးတို့က သန်လျင်မင်းကျောင်း ဆရာတော်ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ကထိန်အလှူခံကျောင်းဖြစ်တဲ့ ဥတ္တရသီရိမြို့နယ် ရာဇဓာနီ သာမဏေကျော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇောဘာသ ထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခဲ့ပါတယ်။ ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများကလည်း ဆရာတော်၊ သံဃာတော်များထံ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်ခဲ့ကြပါတယ်။ တက်ရောက်လာသူများက မစိုးရိမ်တိုက်သစ် ဓမ္မသမိဒ္ဓိကျောင်းဆရာတော်ထံမှ ကထိန်အနုမောဒနာတရား နာယူကာ ရေစက်သွန်းလောင်း အမျှဝေခဲ့ကြပါတယ်။ အခမ်းအနားမှာ ကျပ် ၁,၀၄၆ သိန်းကျော် တန်ဖိုးရှိ ပဒေသာပင် ၄၈ ပင်နှင့် ငွေသား ကျပ် ၁,၆၇၁ သိန်းကျော် လှူဒါန်းခဲ့ရာ စုစုပေါင်း ကျပ် ၂,၇၁၇ သိန်းကျော်ရှိကြောင်း သိရပါတယ်။ (NVS 008)