“အမေရိကန် - ရုရှား - တရုတ် သုံးနိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပ”
20 Nov
တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ် - ရုရှား - အမေရိကန်ထိပ်သီးအစည်းအဝေးသည် အပြုသဘောဆောင် ပြီး အကျိုးဖြစ်ထွန်းမှုများရရှိခဲ့ကြောင်း နိုဝင်ဘာလ ၂၀ ရက်တွင် ပြောကြားသည်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်း ပြည်နယ် ရှန်ကျန်းမြို့၌ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော အဓိကသဘောတူညီချက်များကို ပြန်လည်ခြုံငုံပြောကြားစဉ် ရှီကျင့်ဖျင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံသုံးနိုင်ငံစလုံးသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ တူညီသောအမြင်ရှိကြပြီး ခက်ခဲစွာရယူထားရသည့်ငြိမ်းချမ်းရေးကို တန်ဖိုးထား ထိန်းသိမ်းရမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားသည်။ နိုင်ငံကြီးများအနေဖြင့် နိုင်ငံတိုင်း၏ တရားဝင်လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးအနက်ထားသင့်ကြောင်းနှင့် ကွဲပြားမှုများကို ဖြေရှင်းရာတွင် ဆွေးနွေး ညှိနှိုင်းခြင်းသည် မှန်ကန်သောရွေးချယ်မှုဖြစ်ကြောင်း ၎င်းတို့အားလုံးက သဘောတူညီခဲ့ကြသည်ဟု ရှီက ပြောကြားခဲ့သည်။ ဆွေးနွေးမှုများမရပ်တန့်သရွေ့၊ တံခါးများမပိတ်သွားသရွေ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိနေ ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။ ရှီက စိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်သည်ကို သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အထောက်အကူပြုနိုင်ရန် ရုရှားနိုင်ငံသည် တရုတ်နှင့်အမေရိကန်နိုင်ငံတို့နှင့် အတူပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားသည်။ ဒုတိယကမ္ဘာစစ်အတွင်း အောင်ပွဲရရှိခဲ့ခြင်းက သုံးနိုင်ငံကို အတူတကွပေါင်းစည်းစေခဲ့ကြောင်း ပူတင် က ပြောကြားသည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် မူဝါဒများကို ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတကာငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း တို့သည် သုံးနိုင်ငံ၏ တူညီသောတာဝန်များဖြစ်ပြီး ပဋိပက္ခဖြစ်ပွားနေသည့် အရေးကြီးဒေသများရှိ ပြဿနာများကို သင့်လျော်စွာဖြေရှင်းခြင်းသည်လည်း သုံးနိုင်ငံ၏ ဘုံလုပ်ငန်းစဉ်များဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။ ထို့ပြင် လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာကုန်သွယ်ရေးကို မြှင့်တင်ရန်၊ စွမ်းအင်နှင့်စားနပ်ရိက္ခာ လုံခြုံရေးကို ကာကွယ်ရန်နှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေရန် တရုတ်၊ အမေရိကန်တို့နှင့်အတူ လက်တွဲဆောင်ရွက်ရန် ရုရှားနိုင်ငံက အသင့်ရှိကြောင်း ပူတင်က ပြောကြားသည်။ အလားတူ အဆိုပါထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့အာရုံစိုက်မှုကို ဖမ်းစားထားနိုင်သည့် အလွန်အရေးပါသော သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံသုံးနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ပြန့်ပွားမှုကို ပူးပေါင်းတားဆီးကာ နျူကလီးယားလက်နက်များကြောင့် လူသားမျိုးနွယ်အပေါ်ကျ ရောက်လာ နိုင်သည့် ဆိုးရွားပြင်းထန်သော အကျိုးဆက်များကို ရှောင်ရှားသင့်ကြောင်း သမ္မတထရမ့်က ထပ်လောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။