“လာမည့်ဘဏ္ဍာနှစ်မှာ လစာတိုးမြှင့်ပေးနိုင်ရန် အသေးစိတ်တွက်ချက်နေကြောင်း နိုင်ငံတော်သမ္မတ ပြောကြား”
19 Nov
နိုင်ငံတော်၏ အခွန်တိုးတက်ရရှိလာပါက လာမည့်ဘဏ္ဍာနှစ်အတွင်း လစာနှင့်စရိတ်များ တိုးမြှင့်ပေးနိုင်မည့် အခြေအနေရှိနေပြီး အသေးစိတ်တွက်ချက်မှုများပြုလုပ်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နိုဝင်ဘာလ ၁၈ ရက်တွင် နေပြည်တော်၌ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ လက်ရှိမှာ တိုင်းပြည်၏ဝင်ငွေရရှိမှု အခြေအနေကောင်းမွန်လျက်ရှိပြီး ယခုထက် ပိုမိုတိုးတက်ရရှိလာပါက လစာတိုးမြှင့်ရေးကိစ္စကို ခိုင်ခိုင်မာမာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် ဝင်ငွေရရှိရန်မှာ အရေးကြီးပြီး များသောအားဖြင့် ဝင်ငွေကို အခွန်အခမှရရှိကာ GDP ဖြင့်ရရှိတဲ့ အခွန်အခအချိုးချမည်ဆိုပါက ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်မှာ ၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိပြီး ယခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နာယကကြီးကလည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ တိုးမြှင့်ပေးရန် တင်ပြထားမှုများ ရှိနေကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ပုံငွေတိုးမြှင့်ပေးလိုသော်လည်း နိုင်ငံတော်၏ အမှန်တကယ် ဝင်ငွေရရှိမှုအပေါ် မူတည်၍သာ အသုံးစရိတ်များကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ မိမိတို့ဒေသနှင့်နိုင်ငံအတွက် ပိုမိုအထောက်အကူ ဖြစ်စေ ရန် အခွန်ကောက်ခံရရှိရေး ကိစ္စရပ်များကို ဝိုင်းဝန်းစိစစ်ပေးကြရန် နိုင်ငံတော်သမ္မတက အကြံပြုတိုက်တွန်းခဲ့ ပါတယ်။ တစ်ဆက်တည်းမှာပင် ကုန်သွယ်မှုမှ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန် မိမိတို့ရောက်ရှိရာ ဒေသအသီးသီး၌ တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ (NVS 008)