“ရွှေတိဂုံ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဆုကြေး ကျပ်သိန်း ၂၅၀ ချီးမြှင့်မည်”
18 Nov
ရွှေတိဂုံစေတီတော်မှာ (၃၈) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနှင့် ဆက်ကပ်ပူဇော်ပွဲကို နိုဝင်ဘာလ ၂၃ ရက်မှာ စတင်ကျင်းပမည်ဖြစ်ပြီး ရက်ကန်းအသင်း ၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ယခုနှစ်ပြိုင်ပွဲအတွက် ဆုကြေးငွေစုစုပေါင်း ကျပ်သိန်း ၂၅၀ ချီးမြှင့်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ပထမဆု ကျပ် ၄၅ သိန်း၊ ဒုတိယဆု ကျပ် ၄၀ သိန်း၊ တတိယဆု ကျပ် ၃၅ သိန်းနှင့် စတုတ္ထဆု ကျပ် ၃၀ သိန်း ချီးမြှင့်မည်ဖြစ်ပြီး နှစ်သိမ့်ဆုရ အသင်းငါးသင်းကို တစ်သင်းလျှင် ကျပ် ၂၀ သိန်းစီ ပေးအပ်မှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်က သတ်မှတ်ခဲ့တဲ့ ဆုကြေးစုစုပေါင်း ကျပ် ၂၀၅ သိန်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ကျပ် ၄၅ သိန်း၊ ရာခိုင်နှုန်းအားဖြင့် ၂၂ ရာခိုင်နှုန်းခန့် တိုးမြှင့်ထားပါတယ်။ ပြိုင်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်ဖြစ်တဲ့ နိုဝင်ဘာလ ၂၃ ရက် ညနေ ၄ နာရီတွင် ရွှေတိဂုံ စေတီတော်ရင်ပြင် ရာဟုထောင့်မှာ စတင်မှာဖြစ်ပါတယ်။ ဆုပေးပွဲကို နိုဝင်ဘာလ ၂၄ ရက် နံနက် ၁ နာရီတွင် ကျင်းပမည်ဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ အာရုဏ်တက်ချိန်မှာ ရက်လုပ်ပြီးတဲ့ မသိုးသင်္ကန်းများကို အာရုံခံမုခ်ဦး လေးခုရှိ ဗုဒ္ဓရုပ်ပွားတော်များ၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်နှင့် ရင်ပြင်တော်ပေါ်ရှိ အခြားရုပ်ပွား တော်များထံ ဆက်ကပ်ပူဇော်မှာဖြစ်ပါတယ်။ (NVS 008)