“သက်တမ်းတိုးယာဉ်များအတွက် အပိုပစ္စည်းတပ်ဆင်မှု ၁၂ ချက်ကို က.ည.န ဖြေလျှော့ပေး”
18 Nov
သက်တမ်းတိုးယာဉ်များ စစ်ဆေးရာမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေး(Road Safety)ကို မထိခိုက်စေတဲ့ အပိုပစ္စည်းတပ်ဆင်မှုဆိုင်ရာအချက် ၁၂ ချက်ကို ဖြေလျှော့ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န)က ထုတ်ပြန်ခဲ့ပါတယ်။ ယာဉ်ပိုင်ရှင်များ လုပ်ငန်းဆောင်ရွက်ရာမှာ အချိန်ကြန့်ကြာမှုမရှိစေရေးနှင့် အခက်အခဲများလျော့ပါးစေရေး အတွက် ယာဉ်အမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ် ပုံစံအလိုက် ယခုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းဖြစ်ပါတယ်။ ဖြေလျှော့ ပေးလိုက်တဲ့ အချက်များမှာ နံပါတ်ပြားမဖုံးကွယ်တဲ့ ရှေ့နောက်ဘန်ဘာအပိုများ၊ ဘေးနှင့်နောက်ခြေနင်းခုံများ၊ ပစ္စည်းတင်စင် Carrier နှင့် Pick Up ယာဉ်များ၏ Hard Top/ Soft Top အမိုးများ တပ်ဆင်ခြင်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် နှင်းခွဲမီးအပို နှစ်လုံးအထိ တပ်ဆင်ခြင်း၊ ရှေ့လေကာမှန်တွင် အပူကာစတစ်ကာအကြည်ကပ်ခြင်း၊ မူလပုံစံမပျက်တဲ့ အလှဆင်ပစ္စည်း(Decorative Parts) များနှင့် ယာဉ်ထုတ်လုပ်တဲ့ ခုနှစ်အလိုက် Original Grille ပြန်လည်တပ်ဆင်ခြင်းတို့ကိုလည်း ခွင့်ပြုပေးထားပါတယ်။ က.ည.န အနေနဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၇ ရက်မှစတင်ကာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ငွေပေးချေမှုလုပ်ငန်းများကို အွန်လိုင်းစနစ်၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်တို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ (NVS 008)