“၂၀၂၇-၂၀၂၈ ပညာသင်နှစ်မှာ Polytechnic School များဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ”
18 Nov
၂၀၂၇-၂၀၂၈ ပညာသင်နှစ်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ Polytechnic School များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား/သူများကို နိုဝင်ဘာလ ၁၇ ရက်နံနက်ပိုင်းတွင် သြဝါဒစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက အခြေခံပညာအလယ်တန်းအဆင့်မှစ၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခြေခံဘာသာရပ်များ သင်ကြားပေးနိုင်ရေးဆောင်ရွက်နေပြီး ယင်းဘာသာရပ်များနှင့်သက်ဆိုင်တဲ့ အထက်တန်း ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း များကို သင့်လျော်တဲ့ တက္ကသိုလ်၊ ကောလိပ်အဆင့်အထိ မြှင့်တင်ပေးနိုင်ရေး၊ ယခုနှစ်မှာ Polytechnic University ၃ ခုနှင့် ၂၀၂၇-၂၀၂၈ ပညာသင်နှစ်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ Polytechnic School များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။ ပညာရေးအခွင့်အလမ်းတွေကို မြို့ပြဒေသတွေအပြင် ဝေးလံခေါင်သီတဲ့ တောင်ပေါ်ဒေသတွေ၊ နယ်စပ် ဒေသ တွေနဲ့ ပညာရေးဝန်ဆောင်မှုအားနည်းနေတဲ့ နေရာတွေမှာပါ ရရှိနိုင်ဖို့ဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားခဲ့ပါတယ်။ ထို့အတူ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် ပညာသင်ယူမှုရပ်နား ခဲ့ရသူများအတွက် အခြေခံသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)