“လူ့အသက်သေဆုံးနိုင်သည့် အလိုအလျောက်စစ်လက်နက်များထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂတွင် ဆွေးနွေး”

18 Nov

အလိုအလျောက် ပစ်မှတ်ရှာဖွေတိုက်ခိုက်နိုင်သည့် လူသတ်စက်ရုပ်လက်နက်များ (Killer Robots) အသုံးပြုမှုကို ထိန်းချုပ်ရန် နိုင်ငံတကာစည်းမျဉ်းများ ချမှတ်နိုင်ရေးအတွက် သံတမန်များ ဂျီနီဗာမြို့တွင် ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသည် ကုလသမဂ္ဂ၏သမားရိုးကျ လက်နက်အချို့ ဆိုင်ရာသဘောတူစာချုပ်ကို ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်သည့် ညီလာခံဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ရုရှားနှင့် ဂျပန်အပါအဝင် နိုင်ငံများ ပါဝင်ကြသည်။ ဆွေးနွေးပွဲ၏ အဓိကအစီအစဉ်တစ်ခုမှာ လူသား၏ တိုက်ရိုက် ထိန်းချုပ်မှုမပါဘဲ ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ကာ တိုက်ခိုက်နိုင်သည့် သေစေနိုင်သောအလိုအလျောက် စစ်လက်နက်များကို မည်သို့ ထိန်းချုပ်မည့်ကိစ္စ ဖြစ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာ စည်းမျဉ်းသစ်များချမှတ်ရေး ဆွေးနွေးညှိနှိုင်းမှုများစတင်ရန် ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် တိုက်တွန်းခဲ့သည်။ လူသတ်စက်ရုပ် လက်နက်များကို ဆန့်ကျင်လှုပ်ရှားနေသည့် Stop Killer Robots အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ နီကိုးလ်ဗန် ရွိုင်ယန်က နည်းပညာသည် အလွန်လျင်မြန်စွာတိုးတက်နေပြီး စစ်မြေပြင်အချို့တွင်လည်း အသုံးပြုနေပြီဖြစ်သဖြင့် နိုင်ငံများအနေဖြင့် အရေးတကြီးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု NHK သတင်း ဌာနဖော်ပြချက်အရ သိရသည်။

18 Nov

ADVERTISE HERE .