“မလေးရှားနှင့် ပြင်သစ်ဆက်ဆံရေး မဟာဗျူဟာမြောက် မိတ်ဖက်အဆင့်သို့ မြှင့်တင်မည်”
18 Nov
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းခိုင်မာစေရန် ရည်ရွယ်ကာ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် နိုဝင်ဘာလ ၁၆ ရက်နှောင်းပိုင်းတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ပြင်သစ် သမ္မတမက်ခရွန် သည် မလေးရှား-ပြင်သစ်ဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ရေးနှင့်ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင် နှင့် အရေးပါသော နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း မက်ခရွန် မရောက်ရှိမီ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ အရေးပါသော တွင်းထွက်သယံဇာတများ၊ စွမ်းအင်အသွင်ကူးပြောင်းရေး၊ ကာကွယ်ရေးနှင့် ပညာရေးအပါအဝင် အဓိကနယ်ပယ် ကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက်ရေးအားကောင်းလာစေရန် မူဘောင်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင် လိမ့်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်းအပြင် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်မှုများနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးသွားဖွယ်ရှိကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။