“ရေဘေးသင့်အိမ်ထောင်စု ၅၀၀ ကျော်ကို တစ်အိမ်ထောင် ကျပ် သုံးသိန်းခြောက်သောင်း ထောက်ပံ့”
17 Nov
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့တို့မှာ ရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရသော ရပ်ရွာလူထု ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဘက်စုံသုံးငွေသား ထောက်ပံ့ခြင်းကို နိုဝင်ဘာလ ၁၄ ရက် နှင့် ၁၅ ရက်တို့မှာ ကွင်းဆင်းထောက်ပံ့ပေးခဲ့ပါတယ်။ ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့တို့မှာ ရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ကျေးရွာများဖြစ်သော သပြေအိုင်ကျေးရွာ၊ မယင်းကူးကျေးရွာ၊ လှေတော်ရုံကျေးရွာ၊ အင်လျာကုန်း ကျေးရွာ၊ သပြေခါးတောကျေးရွာ၊ အကြော်ကိုင်ကျေးရွာ၊ ကုန်းတန်းကျေးရွာ နှင့် တောင်လဟာကျေး ရွာများမှ အိမ်ထောင်စုပေါင်း ၅၂၂ စုအတွက် ထောက်ပံ့ပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အိမ်ထောင်စု ၁ စုကို ထောက်ပံ့ငွေကျပ် သုံးသိန်းခြောက်သောင်း(၃၆၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းကျပ် သိန်း တစ်ထောင်ရှစ်ရာကျော်ကို အိမ်ထောင်စုများထံ လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ဘက်စုံသုံးငွေသား ထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာမှာ လေ့ကျင့်ထားသော ကြက်ခြေနီစေတနာလုပ်အားရှင်များက အဆိုပါကျေးရွာများမှ ရပ်ရွာလူထု အတွင်း ကွင်းဆင်းကာ စနစ်တကျလေ့လာဆန်းစစ်ခဲ့ပြီးမှ QR Code System ကို အသုံးပြုကာ ယခုကဲ့သို့ ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ဘက်စုံသုံးငွေသားထောက်ပံ့ခြင်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)