“ပူပြင်းခြောက်သွေ့ကာလအတွင်း တောမီး နှင့် မီးခိုးမြူအန္တရာယ် လျှော့ချနိုင်ရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်”

17 Nov

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာ အယ်နီညိုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့လာနိုင်တဲ့ကာလအတွင်း တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ လျှော့ချနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါအသိပညာပေးလုပ်ငန်းကို နိုဝင်ဘာလ ၁၆ ရက် နံနက် ၉ နာရီက မင်းဘူးမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ပြည်သူ့ပန်းခြံရှေ့မှာ ဆောင်ရွက်ခဲ့ပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ ဗီနိုင်းပိုစတာနှင့် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပါတယ်။ အသိပညာပေးဆိုင်းဘုတ်များမှာ ကြည်လင်သောကောင်းကင်၊ သန့်ရှင်းသောလေရရှိဖို့ မီးရှို့ခြင်းကို ရပ်တန့်စို့ ဟူသောဆောင်ပုဒ်အပါအဝင် အယ်နီညိုနှင့် ပူပြင်းခြောက်သွေ့တဲ့ရာသီအတွင်း တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူ ငွေ့ညစ်ညမ်းမှုအန္တရာယ်များကို ထိန်းချုပ်လျှော့ချရေးဆိုင်ရာ အသိပညာပေးအချက်များကို ဖော်ပြထားပါတယ်။ အဆိုပါလုပ်ငန်းများကို မီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းကော်မတီ၊ သက်ဆိုင်ရာ ဌာနများနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရပါတယ်။ (NVS 008)

17 Nov

ADVERTISE HERE .