“အန်ကောဒေသ၌ နှစ်ပေါင်း ၁,၀၀၀ ခန့်ရှိ အနောက်မီဘွန်ဘုရားကျောင်းပြုပြင်မွမ်းမံဖွင့်လှစ်”

17 Nov

ကမ္ဘောဒီးယားနိုင်ငံသည် နိုဝင်ဘာလ ၁၆ ရက်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်အတွင်း နှစ်ပေါင်း ၁,၀၀၀ နီးပါး သက်တမ်းရှိသည့် အနောက်မီဘွန် (West Mebon) ဘုရားကျောင်းကို ၁၄ နှစ်ကြာ ပြန်လည်ပြုပြင်မွမ်းမံရေးစီမံကိန်း ပြီးဆုံးပြီးနောက် အထိမ်းအမှတ်အဖြစ် ဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ ၁၂ သန်း ကုန်ကျသည့် ပြုပြင်မွမ်းမံရေးလုပ်ငန်း ကို APSARA အမျိုးသားအာဏာပိုင်အဖွဲ့(ANA)နှင့် ပြင်သစ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟာမိုနီနှင့် အလည်အပတ်ရောက်ရှိနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် တို့က အဆိုပါဖွင့်ပွဲအခမ်းအနားကို ပူးတွဲဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဘုရားကျောင်းသည် အန်ကောဒေသ၏ အကြီးဆုံးရေလှောင်ကန်ဖြစ်သည့် West Baray ၏ အလယ်ရှိကျွန်းပေါ်တွင် တည်ရှိနေသဖြင့် ကျယ်ဝန်းလှသောရေပြင်ကြီးက ဝန်းရံထားကာ ထူးခြားပြီးဆွဲဆောင်မှု ရှိသည့် ရှုခင်းတစ်ခုကို ဖန်တီးပေးလျက်ရှိကြောင်း ဘုရင်နိုရိုဒွန်သီဟာမိုနီက အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ပြင်သစ်သမ္မတမက်ခရွန်ကလည်း ပြင်သစ်နိုင်ငံအနေဖြင့် ရှေးဟောင်းဘုရားကျောင်း ပြန်လည် အသက်ဝင်လာစေရန် ကူညီပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားသည်။ ဟိန္ဒူဘာသာဝင် တို့၏ အထွတ်အမြတ်နေရာတစ်ခုအဖြစ် ၁၁ ရာစုအလယ်ပိုင်းတွင် တည်ဆောက်ခဲ့သည့် West Mebon ဘုရားကျောင်းကို ဂဝံကျောက်နှင့်သဲကျောက်များအသုံးပြုတည်ဆောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ သိရသည်။

17 Nov

ADVERTISE HERE .