“အွန်လိုင်းသုံးစွဲသူများ အကာအကွယ်ရရှိရေးအတွက် ဥရောပသမဂ္ဂက ဥပဒေသစ်တစ်ရပ် အဆိုပြု”
13 Nov
ဥရောပသမဂ္ဂ (EU) ၏အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ဥရောပကော်မရှင်သည် အွန်လိုင်းသုံးစွဲသူများ၏ အခွင့် အရေးနှင့်အကာအကွယ်များ ပိုမိုခိုင်မာစေရန်အပြင် လက်ရှိဥပဒေများကို ဒီဂျစ်တယ်ခေတ်နှင့်လိုက်လျောညီထွေ ဖြစ်စေရန် ဥပဒေသစ်တစ်ရပ်ကို အဆိုပြုခဲ့သည်။ နိုဝင်ဘာလ ၁၁ ရက်က တင်ပြခဲ့သည့် ယင်းဥပဒေမူကြမ်းကို Digital Fairness Act ဟု အမည်ပေးထားပြီး ဒီဂျစ်တယ်စာချုပ်များနှင့် အွန်လိုင်းစာရင်းသွင်းဝန်ဆောင်မှုများ ဆိုင်ရာစည်းမျဉ်းသစ်များ ပါဝင်သည်။ ဥပဒေမူကြမ်းအရ အခမဲ့အစမ်းသုံးစွဲခွင့်ကာလ ကုန်ဆုံးတော့မည့်အချိန်နှင့် အလိုအလျောက်သက်တမ်းတိုးမည့် ဝန်ဆောင်မှုများအကြောင်းကို ကုမ္ပဏီများအနေဖြင့် သုံးစွဲသူများအား ပိုမို ရှင်းလင်းစွာ ကြိုတင်အသိပေးရမည် ဖြစ်သည်။ ထို့ပြင် စားသုံးသူများ၏ဆုံးဖြတ်ချက်ကို လွှမ်းမိုးစေရန် လှည့်ဖြားသည့် ကြော်ငြာနည်းလမ်းများဖြစ်သော Dark Patterns များကိုလည်း တားမြစ်ရန် အဆိုပြုထားသည်။ ဥပမာအားဖြင့် ကုန်ပစ္စည်းလက်ကျန်အလွန်နည်း နေပြီဟု မဟုတ်မမှန်ဖော်ပြကာ အလျင်အမြန်ဝယ်ယူစေရန် ဖိအားပေးခြင်းမျိုး ဖြစ်သည်။ ထို့ပြင် ကုန်ပစ္စည်း ဈေးနှုန်းများကို အချိန်နှင့်အမျှ ပြောင်းလဲသတ်မှတ်သည့် Dynamic Pricing စနစ်တွင်လည်း ကုမ္ပဏီများအနေဖြင့် လက်ရှိဈေးနှုန်းနှင့်ဖြစ်ပေါ်လာနိုင်သည့် အမြင့်ဆုံးဈေးနှုန်းကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရမည်ဖြစ်သည်။ အဆိုပါစည်းမျဉ်းများကို ချိုးဖောက်သည့် ကုမ္ပဏီများအား ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏နှစ်စဉ်ဝင်ငွေစုစုပေါင်း၏ ၆ ရာခိုင်နှုန်းအထိ ဒဏ်ငွေချမှတ်နိုင်မည်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။