“ဂျပန်နှင့်အမေရိကန်တို့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်သဘောတူ”
11 Nov
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိတိုရှီမစ်ဆု နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တို့သည် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ မိုတဲဂိနှင့်ရူဘီယိုတို့သည် ပြင်သစ်နိုင်ငံပါရီမြို့၌ ကျင်းပသည့် G-7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပ တွင် နိုဝင်ဘာလ ၉ ရက်က သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုသည် အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်သည်။ လုံခြုံရေးအခြေအနေများ ပိုမိုရှုပ်ထွေးပြင်းထန်လာချိန်တွင် ဂျပန်-အမေရိကန်မဟာမိတ်၏ ဟန့်တား နိုင်စွမ်းနှင့်တုံ့ပြန်နိုင်စွမ်းတို့ကို ပိုမိုအားကောင်းလာစေရန် နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ဝန်ကြီးနှစ်ဦးသဘောတူခဲ့ကြသည်။ ထို့ပြင် အင်ဒို-ပစိဖိတ်ဒေသအပါအဝင် ဒေသတွင်း အခြေအနေများနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဂျပန်-အမေရိကန် မဟာမိတ် ဆက်ဆံရေး၏အရေးပါမှုကို ခေါင်းဆောင်နှစ်ဦးထပ်မံအတည်ပြုနိုင်ရန်အတွက် ဝန်ကြီးချုပ် တာကာအိချီ ဆာနာအဲနှင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အမြန်ဆုံး တွေ့ဆုံနိုင်ရေး ဂျပန်အစိုးရက ကြိုးပမ်းလျက် ရှိကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။