“အစ္စရေးအတိုက်အခံခေါင်းဆောင် အိုင်ဆန်ကော့တ်အား အစိုးရဖွဲ့စည်းရန် သမ္မတက တရားဝင်ညွှန်ကြား”

11 Nov

အစ္စရေးနိုင်ငံတွင် အောက်တိုဘာလအတွင်းကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟု ဦးဆောင်သည့် လက်ယာဝါဒီညွန့်ပေါင်းပါတီသည် ပါလီမန်၌ ကိုယ်စားလှယ်နေရာ အများအပြား ရှုံးနိမ့်ခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင် ဂါဒီအိုင်ဆန်ကော့တ် အား အစိုးရတစ်ရပ်ဖွဲ့စည်းရန် သမ္မတ အိုင်ဆက် ဟာဇော့ဂ် က တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။ အိုင်ဆန်ကော့တ်သည် တပ်မတော်အရာရှိဟောင်းတစ်ဦး ဖြစ်သည်။ အလယ်အလတ်ဝါဒီ ယာရှာပါတီ၏ ခေါင်းဆောင်ဖြစ်သူ အိုင်ဆန်ကော့တ်သည် အမတ်နေရာ ၁၂၀ တွင် လွှတ်တော်အမတ် ၆၇ ဦး၏ထောက်ခံမှုကို ရရှိခဲ့ပြီး နေတန်ယာဟုမှာမူ ၄၆ ဦး၏ ထောက်ခံမှုကိုသာ ရရှိခဲ့သည်။ အဆိုပါအခမ်းအနားတွင် ရေရှည်တည်တံ့မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာစေရန်နှင့် စည်းလုံးညီညွတ်မှုရှိရန် သမ္မတအိုင်ဆက်ဟာဇော့ဂ်က တိုက်တွန်းခဲ့သည်။ အစ္စရေးနိုင်ငံသည် အရေးကြီးသည့် အလှည့်အပြောင်းနှင့်ရင်ဆိုင်နေရပြီး လက်နက်ကိုင်ပဋိပက္ခများ ချေမှုန်းရေးဆိုင်ရာ ရည်မှန်းချက်များမှာလည်း အောင်မြင်ခြင်းမရှိသေးသည့်အပြင် နိုင်ငံတကာ ဆက်ဆံရေးမှာ လည်း အလွန်ဆိုးရွားသည့် အကျပ်အတည်းတွင် ရောက်ရှိနေကာ နိုင်ငံ၏ဒီမိုကရေစီစနစ်သည် အကြီးမားဆုံး စိန်ခေါ်မှုများအနက် တစ်ခုနှင့်ရင်ဆိုင်နေရကြောင်း အိုင်ဆန်ကော့တ် က သတိပေးပြောကြားသည်။ မိမိတို့အနေ ဖြင့် လက်ရှိလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ပါက နောက်ပြန်လှည့်၍မရသည့် အခြေအနေနှင့် ရင်ဆိုင် ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ယုံကြည်စိတ်ချနိုင်မည့် ခေါင်းဆောင်မှုအသစ်တစ်ခု လိုအပ်ကြောင်း ၎င်းက သတိပေးပြောကြားသည်။ အစ္စရေးပါလီမန်တွင် အမတ်နေရာအများစုဖြင့် အစိုးရသစ်တစ်ရပ်အား ဖွဲ့စည်းနိုင်မည်ဟု မိမိ ယုံကြည် ကြောင်းနှင့် ဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟု ဦးဆောင်သည့် လီကွတ်ပါတီနှင့် လက်ယာစွန်းဝါဒီ ဘဏ္ဍာရေး ဝန်ကြီး ဘီဇာလယ်လ်စမော့ထရစ်ချ်၏ ဇီယွန်ဝါဒီပါတီတို့အနေဖြင့် မိမိ၏အစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်မည် ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ မိမိ၏ဦးဆောင်မှုကိုသော်လည်းကောင်း၊ မိမိချမှတ်ထား သည့် မူဝါဒကိုသော်လည်းကောင်း ထောက်ခံရန် ၎င်းတို့အားဖိတ်ခေါ်ကြောင်း ဂါဒီအိုင်ဆန်ကော့တ်က ပြောကြား သည်။ မိမိအား ထောက်ခံမဲပေးသူများနှင့် မထောက်ခံသူများအတွက်ပါ ရည်ရွယ်၍ နိုင်ငံသားအားလုံးအတွက် ဝန်ကြီးချုပ်ရာထူးတာဝန်ကို ထမ်းဆောင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ အိုင်ဆန်ကော့တ်အနေဖြင့် အစိုးရ တစ်ရပ်ဖွဲ့စည်းရန် ၂၈ ရက် အချိန်ရရှိထားပြီး လိုအပ်ပါက နောက်ထပ် ၁၄ ရက် ထပ်မံတိုးမြှင့်ခွင့်လည်း ရှိသည်။ အစိုးရသစ်တစ်ရပ် ကျမ်းသစ္စာကျိန်ဆို တာဝန်မယူမီအချိန်အထိ လက်ရှိဝန်ကြီးချုပ် နေတန်ယာဟုက ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူမည်ဖြစ်ကြောင်း ဆင်ဟွာသတင်း ဌာနဖော်ပြချက်အရ သိရသည်။

11 Nov

ADVERTISE HERE .