“ကာတာဝန်ကြီးချုပ်နှင့် ဆွေးနွေးပြီးနောက် အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် အပြုသဘောဆောင်သော တိုးတက်မှုအရှိန်အဟုန်ရှိနေကြောင်း ထရမ့် ပြောကြား”
11 Nov
အိမ်ဖြူတော်၌ ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် ဘင် ဂျာဆင် အယ်လ်သာနီ နှင့် တွေ့ဆုံပြီးနောက် အမေရိကန်-အီရန် ပဋိပက္ခအဆုံးသတ်ရေးအတွက် “အပြုသဘောဆောင်သော တိုးတက်မှုအရှိန်အဟုန်” ရှိနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က နိုဝင်ဘာလ ၉ ရက်တွင် ပြောကြား ခဲ့သည်။ ကာတာ၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)၊ ဘာရိန်း၊ ကူဝိတ်နှင့် အခြားဒေသတွင်း နိုင်ငံများသည် အီရန်နိုင်ငံအပေါ် အမေရိကန်၏ လက်ရှိရေတပ်ပိတ်ဆို့မှုကို ဆက်လက်ထိန်းသိမ်းထားရန်နှင့်အတူ အီရန်နိုင်ငံ၏ ကုန်းလမ်းမှ ထောက်ပံ့ရေးလမ်းကြောင်းများကို ကန့်သတ်ရန်ရည်ရွယ်သည့် အသစ်စတင်လိုက်သော “သံမဏိတံခါး စစ်ဆင်ရေး” ကိုလည်း ထောက်ခံကြောင်း ထရမ့် က ၎င်း၏ Truth လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ “အဆိုပါ နိုင်ငံအားလုံးသည် လက်ရှိအခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းထားခြင်းကို အလိုရှိကြသည်” ဟု ထရမ့် ကရေးသားခဲ့ပြီး အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရှိကြောင်းကိုလည်း ၎င်းတို့ အားလုံး သဘောတူညီကြကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။ ယင်းအချက်ကို ၎င်းက “ညှိနှိုင်းဆွေးနွေး၍ မရနိုင်သော အချက်” ဟု ခေါ်ဆိုခဲ့သည်။ အီရန်နိုင်ငံကမူ ၎င်း၏ နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်သာ ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောကြားထားသည်။ တစ်ချိန်တည်းတွင် အီရန်နိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်နိုင်ခြေ နည်းပါး သော်လည်း အမေရိကန်တပ်ဖွဲ့များအနေဖြင့် နောက်ထပ်စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်ရန် အသင့်ရှိနေဆဲ ဖြစ်ကြောင်း ထရမ့် က သတိပေးပြောကြားခဲ့သည်။ “အရှေ့အလယ်ပိုင်းဒေသရဲ့ အခြေအနေတွေမှာ တစ်စုံတစ်ရာပြောင်းလဲမှုရှိလာရင် အမေရိကန်အနေနဲ့ လက်နက်အပြည့်အစုံနဲ့ အသင့်ပြင်ဆင်ထားပြီး အချိန်မရွေး အရေးယူဆောင်ရွက်နိုင်ပါတယ်” ဟု ထရမ့် က ပြောကြား ခဲ့သည်။ “ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီလိုဖြစ်လာနိုင်ခြေက အတော်လေးနည်းပါးတယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ “အခု ဒီပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အခြေအနေတွေ အပြုသဘောဆောင်တဲ့ဘက်ကို တိုးတက်လာနေတာ တွေ့ရပါတယ်” ဟု ထရမ့် က ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ နိုဝင်ဘာလ ၉ ရက်က အိမ်ဖြူတော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ထရမ့် က “အီရန်နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ဟာ ထိရောက်စွာပျက်စီးသွားပါပြီ။ ကျွန်တော်တို့ကတော့ လက်ရှိအခြေအနေအတိုင်းပဲ ဆက်လက် ထိန်းသိမ်းထားတာပါ” ဟု ပြောကြားခဲ့သည်။ “လောလောဆယ်မှာတော့ စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ သိပ်ပြီးမလိုအပ်တော့ဘူးလို့ ထင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကမူ သံတမန်ရေးရာ ကြိုးပမ်းဆောင်ရွက်မှုများတွင် တိုးတက်မှု အနည်းငယ်သာရှိခဲ့ပြီး အောင်မြင်မှုအပြောင်းအလဲ ရရှိလာရန်လည်း မျှော်လင့်မထားနိုင်သေးကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)