“လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကို ဖြေရှင်းခြင်းမရှိဘဲ ယူကရိန်းပဋိပက္ခကို ရပ်တန့်ထားရေးအား ရုရှားကပယ်ချ”

11 Nov

လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေးခြိမ်းခြောက်မှုများကို မဖြေရှင်းဘဲထားရှိကာ ပဋိပက္ခများ ထပ်မံပြင်းထန် လာစေရန် အခြေအနေများဖန်တီးပေးမည့် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ “ရပ်တန့်ထားရေး” အစီအစဉ်ကို ရုရှား နိုင်ငံအနေဖြင့် သဘောတူမည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗာဆီးလီ နယ်ဘန်းဇီယာ က နိုဝင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့သည်။ “ရုရှားနိုင်ငံအနေဖြင့် အဲဒီလိုအစီအစဉ်မျိုးကို သဘောတူမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် လက်ရှိခြိမ်းခြောက်မှုတွေကို ဆက်လက်တည်ရှိစေပြီး ပဋိပက္ခတွေ ထပ်မံပြင်းထန်လာနိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးမယ့် ပဋိပက္ခရပ်တန့်ထားရေးကို လက်ခံမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဟာ ခိုင်မာပြီး ပြောင်းလဲမှုမရှိပါဘူး” ဟု နယ်ဘန်းဇီယာ က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။ မည်သည့်ဖြေရှင်းမှုမျိုးမဆို ဘက်စုံလွှမ်းခြုံမှုရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရမည်ဖြစ်ကာ ယူကရိန်း အကျပ် အတည်း၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းပေးနိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းအရင်းခံ အကြောင်းရင်းများတွင် အနောက်နိုင်ငံများ၏ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုများ၊ ရုရှားလူမျိုးများနှင့် ရုရှား ဘာသာစကားပြောဆိုသူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ယူကရိန်းနိုင်ငံတွင် နာဇီဝါဒသစ် အယူဝါဒ ပျံ့နှံ့လာမှုတို့ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၎င်းက ယူကရိန်းအာဏာပိုင်များနှင့် ၎င်းတို့ကို ထောက်ခံအားပေးနေသည့် အနောက်နိုင်ငံများသည် ဘက်စုံ လွှမ်းခြုံသော ဖြေရှင်းမှုတစ်ရပ်အစား စွမ်းအင်အခြေခံအဆောက်အအုံများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများ၊ လေ ပိုင်နက်နှင့် ရေကြောင်းသွားလာလှုပ်ရှားမှုများကို အကျုံးဝင်သည့် ယာယီအပစ်အခတ်ရပ်စဲရေးများဖြင့် အစားထိုးရန် ကြိုးပမ်းနေကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ယင်းကဲ့သို့သော အစီအစဉ်များသည် ကိဗ်မြို့အား ၎င်း၏ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းရန်၊ တပ်ဖွဲ့များကို ပြန်လည်စုစည်းရန်၊ လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းရန်နှင့် တိုက်ခိုက်မှုများ ပြန်လည်စတင်လာနိုင်ခြင်းမတိုင်မီ စစ်ရေးစွမ်းရည်များ ပြန်လည်မြှင့်တင်ရန် အချိန်ရရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “အထူးစစ်ရေးလှုပ်ရှားမှုမှာ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်တဲ့ အခြေအနေများမှာ ပြောင်းလဲမှုမရှိပါဘူး။ အဲဒီရည်မှန်းချက်တွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ နိုင်ငံရေးဆန္ဒတွေ ကျွန်တော်တို့မှာ အပြည့်အဝရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ပဋိပက္ခဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့ ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အဘူဒါဘီမြို့၌ နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ကျင်းပရန် မျှော်မှန်းထားသည်။ (Repost from Xinhua Myanmar)

11 Nov

ADVERTISE HERE .