“ဂရိနိုင်ငံတစ်ဝန်း ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်မှုစရိတ် ကြီးမြင့်မှုတို့နှင့်ပတ်သက်၍ လူဦးရေ ထောင်နှင့်ချီဆန္ဒပြ”
22 Oct
ဂရိနိုင်ငံတစ်ဝန်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ပြည်သူ့ဝန်ထမ်းများနှင့် ပင်စင်စား များက အောက်တိုဘာလ ၂၁ ရက်၌ ဆန္ဒပြပွဲများပြုလုပ်ကာ အများပြည်သူဆိုင်ရာ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရန်ပုံငွေတိုးမြှင့်ပေးရန်၊ လုပ်ခလစာများနှင့် ပင်စင်လစာများ တိုးမြှင့်ပေးရန်နှင့် ကြီးမြင့်လာ နေသော နေထိုင်မှုစရိတ်ကို သက်သာစေမည့်အစီအမံများ ချမှတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။ အေသင်မြို့တွင် လူဦးရေ ၁၀,၀၀၀ ခန့်သည် လွှတ်တော်အဆောက်အအုံဆီသို့ ချီတက်ခဲ့ကြကြောင်း အမျိုးသားရုပ်သံလွှင့်ဌာန ERT ၏ ဖော်ပြချက်အရ သိရသည်။ ဆန္ဒပြသူများသည် ဆိုင်းဘုတ်များကို ကိုင်ဆောင် ထားကြပြီး “စားနပ်ရိက္ခာ၊ ပညာရေး၊ လွတ်လပ်ခွင့်” စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။ အောက်တိုဘာလ ၂၁ ရက်က ပြုလုပ်သည့် အဓိကဆန္ဒပြပွဲမတိုင်မီ အောက်တိုဘာလ ၂၀ ရက်မှစ၍ ကျောင်းသား များက လွှတ်တော်အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်ရှိ Syntagma ရင်ပြင်တွင် တဲများထိုး၍ နေရာယူထား ခဲ့ကြသည်။ ထိုဆန္ဒပြလှုပ်ရှားမှုကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားအဖွဲ့အစည်းများ၊ ဆရာဆရာမများ၊ တက္ကသိုလ်ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများကို ကိုယ်စားပြုသည့် အလုပ်သမားသမဂ္ဂများက စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပင်စင်စားများလည်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။ နိုင်ငံတစ်ဝန်းရှိ မြို့အရေအတွက် ၅၀ ကျော်တွင် အလားတူဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ဂရိပြည်သူ့ဝန်ထမ်းများကို ကိုယ်စားပြုသည့်အဖွဲ့ချုပ် ADEDY က အောက်တိုဘာလ ၂၁ ရက်တွင် သပိတ် မှောက်ရန်တိုက်တွန်းခဲ့ပြီး ပြင်သစ်နိုင်ငံ၌ ဖြစ်ပွားနေသော အလားတူဆန္ဒပြပွဲများနှင့်လည်း တစ်လုံးတစ်စည်းတည်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကျောင်းသားများကလည်း ပြင်သစ်နိုင်ငံရှိ ဆန္ဒပြပွဲများကို ထောက်ခံကြောင်းပြောကြားခဲ့ကြပြီး “ဂရိမှ ပြင်သစ်အထိ ဆန္ဒပြသူတို့က အများပြည်သူဆိုင်ရာ အခမဲ့ပညာရေးအတွက် တိုက်ပွဲဝင်ကြတာဖြစ်ပါတယ်” ဟု ကြွေးကြော်ကာ နိုင်ငံနှစ်ခုစလုံးရှိ လူငယ်များရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ထောက်ပြပြောဆိုခဲ့ကြသည်။ Syntagma ရင်ပြင်ရှိ ဆန္ဒပြသူများကလည်း “စစ်ပွဲများအတွက်မဟုတ်ဘဲ စာသင်ကျောင်းများအတွက် ငွေကြေး ထောက်ပံ့ပေးပါ”ဟု ကြွေးကြော်ခဲ့ကြသည်။ ဆန္ဒပြသူများက ပညာရေးစရိတ်ကြီးမြင့်လာခြင်း၊ ကျောင်းသားများအတွက် နေထိုင်စရာနေရာ မလုံ လောက်ခြင်း၊ အခြေခံအဆောက်အအုံ ညံ့ဖျင်းခြင်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအတွက် ရန်ပုံငွေ မလုံ လောက်ခြင်း၊ လုပ်ခလစာများနှင့် ပင်စင်လစာများ နည်းပါးခြင်းတို့ကို ဖြေရှင်းရေးအတွက် အဆောတလျင် အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့အပြင် ကျောင်းသားများက စာသင်ခန်းများ လူပြည့်ကျပ်လွန်းခြင်း၊ ဆရာ၊ ဆရာမ မလုံလောက်ခြင်း၊ ပညာရေးဆိုင်ရာ ဖိအားများတိုးလာခြင်း၊ အားလပ်ချိန်မရှိခြင်းတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကြကြောင်း သိရသည်။ (Repost from Xinhua Myanmar)