“မွန်ပြည်နယ်ရှိစစ်ဆေးရေးဂိတ်များနှင့်ပတ်သက်၍ တိုင်ကြားလာပါက အရေးယူဆောင်ရွက်ပေးမည်”
22 Oct
မွန်ပြည်နယ်ရှိစစ်ဆေးရေးဂိတ်များမှာ ငွေကြေးကောက်ခံမှုများရှိ၍ တိုင်ကြားလာပါကအရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူ က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ အောက်တိုဘာလ ၂၁ ရက်မှာကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်မှာ ရေးမဲဆန္ဒနယ်မှ ဒေါ်မြင့်သန်း ၏ မွန်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်များမှ တရားမဝင်ဂိတ်ကြေး ကောက်ခံနေမှုပပျောက်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မွန်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်များမှာ နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များနဲ့ စစ်ဆေးဆောင်ရွက်လျက် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလိုစစ်ဆေးဆောင်ရွက်ရာမှာ ကုန်စည်စီးဆင်းမှု အဟန့်အတားမဖြစ်စေရေး၊ ငွေကြေးတောင်းခံမှုများ မရှိစေရေးနှင့် ပြည်သူများနှင့် ဆက်ဆံရာမှာ ယဉ်ကျေးပျူငှာစွာဆက်ဆံစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထား ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ငွေကြေးကောက်ခံမှုများရှိ၍ တိုင်ကြားလာပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)