“၂၀၂၆ မိုးစပါးနှင့် ၂၀၂၇ နွေစပါးအတွက် အခြေခံရည်ညွှန်းဈေးနှုန်း တင်း ၁၀၀ ကျပ် ၁၃ သိန်းခွဲသတ်မှတ်”

22 Oct

၂၀၂၆ ခုနှစ် မိုးစပါးနှင့် ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တစ်တင်း ၄၆ ပေါင် ကိုက် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းခွဲ သတ်မှတ်ကြောင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာလ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါအခြေခံရည်ညွှန်းဈေးနှုန်းကို တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရန် ရည်ရွယ်သတ်မှတ်ခြင်းဖြစ်ပြီး အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိကာ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီတဲ့ စပါးအမျိုးအစားအပေါ် အခြေခံ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ စပါးဈေးကွက်ပေါက်ဈေးက သတ်မှတ်ထားတဲ့ အခြေခံရည်ညွှန်းဈေးနှုန်းထက် မြင့်မား နေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်းဈေးနှုန်းအောက် ကျဆင်းနေပါက အခြေခံရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရမှာဖြစ်ကြောင်း သိရပါတယ်။ အခြေခံရည်ညွှန်းဈေးနှုန်းနဲ့ စပါးရောင်းချရန် အခက်အခဲရှိတဲ့ တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ် ကိုယ်စားလှယ်များထံ ဆက်သွယ်နိုင်သလို အသင်းချုပ်ရုံးချုပ်သို့လည်း ဆက်သွယ်၍အကူအညီတောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .