“လူမှုရေးပင်စင်များကို ဘဏ်များနှင့်မိုဘိုင်းငွေပေးချေမှု(Mobile Pay)စနစ်တို့မှတစ်ဆင့် ထုတ်ပေးမည်”

22 Oct

လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူများကို ထောက်ပံ့ရန်သုံးလပတ် ၂ ကြိမ် ၆ လစာရန်ပုံငွေရရှိခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနက ဘဏ်များနှင့်မိုဘိုင်းငွေပေးချေမှု(Mobile Pay)စနစ်တို့မှတစ်ဆင့်ထုတ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးပင်စင်အစီအစဉ်၌ အကျုံးဝင်တဲ့ အကျိုးခံစားခွင့်ရှိသူများကို ထောက်ပံ့ရန်သုံးလပတ် ၂ ကြိမ်စာဖြစ်သော ၆ လစာရန်ပုံငွေကိုချထား ပေးခဲ့ပြီးဖြစ်ပါတယ်။ လူမှုရေးပင်စင်လာရောက်ထုတ်ယူရာမှာ အဆင်ပြေစေရန်အတွက် နည်းလမ်းနှစ်ခုနဲ့ စီစဉ် ဆောင်ရွက်ပေးထားပြီး ဘဏ်မှာ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်နဲ့ ထုတ်ယူလိုသူများက ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်အထိ သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများမှာ သွားရောက်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အခုလိုထုတ်ယူရာမှာ အကျိုးခံစားခွင့်ရှိသူ သို့မဟုတ် ကိုယ်စားလှယ်များအနေနဲ့ မိမိတို့၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား(မှတ်ပုံတင်) မူရင်းများကို မဖြစ်မနေယူဆောင်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် မိုဘိုင်းငွေပေးချေမှု (Mobile Pay)စနစ်နဲ့ ထောက်ပံ့ကြေးရယူရန် စာရင်းပေးသွင်းထားသူများကိုမူ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှ စတင်၍ ၎င်းတို့ပေးထားတဲ့ ဖုန်းနံပါတ်များသို့ ထောက်ပံ့ကြေးငွေများကို တိုက်ရိုက်လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ လူမှုရေးပင်စင်ထုတ်ပေးမှုနှင့်ပတ်သက်၍ မိမိတို့သိရှိလိုသော အချက်အလက်များရှိပါက မိမိတို့နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ခံဖုန်းနံပါတ်များအပြင် လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line နံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .