“ရန်ကုန်မြို့မှာ ပြည်တွင်းထုတ် စားသုံးဆီရောင်းချပွဲကို တစ်ရက်တိုးမြှင့်ကျင်းပပေး”

22 Oct

ရန်ကုန်မြို့မှာ ပြည်တွင်းထုတ်စားသုံးဆီများကို သက်သာသောဈေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ အရောင်း ပွဲတော်ကို ဝယ်ယူသူများပြားတဲ့အတွက် အောက်တိုဘာလ ၂၃ ရက်အထိ တစ်ရက်ထပ်မံ တိုးမြှင့်ရောင်းချပေးသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကနေ သိရပါတယ်။ အဆိုပါအရောင်းပွဲကို အောက်တိုဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ၃ ရက်ကြာ ရောင်းချပေးရန် စီစဉ်ထားခဲ့ပေမယ့် လာရောက်ဝယ်ယူသူများပြားလာခြင်းကြောင့် ယခုလိုတိုးမြှင့်ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ စားသုံးဆီရောင်းချ ပွဲကို ရန်ကုန်မြို့ရှိ နေရာ ၂ ခုဖြစ်သော လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ယာယီအရောင်းဆိုင်နှင့် ရန်ကင်း မြို့နယ်၊ ရွှေအုန်းပင်အိမ်ရာရှိ ရန်ကင်းဈေးမှတ်တိုင်အနီးတို့တွင် ဖွင့်လှစ်ထားပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ FDA အသိအမှတ်ပြု ဆီစက်လုပ်ငန်းရှင် ၁၂ ဦးတို့က ပါဝင်ရောင်းချနေပါတယ်။ ဈေးရောင်းပွဲမှာ ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရောင်းချ ပေးနေပြီး ဆီဘူးအရွယ်အစား ၅၀ ကျပ်သားမှ ၁၀ ပိဿာဝင်အထိ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .