“ဆန္ဒပြပွဲများကို ထိန်းချုပ်ရေးအတွက် လက်နက်ကိုင်တပ်များဖြင့် ရဲတပ်ဖွဲ့ကို အင်အားဖြည့်ရန် ပြင်သစ် အစိုးရစီစဉ်”
22 Oct
အောက်တိုဘာလ ၂၄ ရက်တွင် ပြုလုပ်မည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ထိန်းချုပ်ရေးအတွက် ရဲတပ်ဖွဲ့ကို ကူညီရန် လက်နက်ကိုင်တပ်ဖွဲ့များဖြင့် အင်အားဖြည့်တင်းပေးမည်ဟု ပြင်သစ်အစိုးရက အောက်တိုဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ ထို့ပြင် အောက်တိုဘာလ ၁၇ ရက် ဆန္ဒပြပွဲများနှင့်အတူ ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်မှုများကို တုံ့ပြန်ရေးအတွက် ပျက်ကွက်ခဲ့ကြောင်းလည်း ပြင်သစ်အစိုးရက ဝန်ခံ ထားသည်။ အောက်တိုဘာလ ၁၇ ရက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ပဲရစ်မြို့၊ မာဆေးလ်မြို့၊ လိုင်ယွန် မြို့နှင့်အခြားမြို့ကြီးတို့၌ အကြမ်းဖက်မှုများနှင့် လုယက်မှုများဖြစ်ပွားခဲ့သည်။ သို့ဖြစ်ရာ အောက်တိုဘာလ ၂၄ တွင် ပေါ်ပေါက်နိုင်ဖွယ်ရှိသော ဆန္ဒပြပွဲများကို ထိန်းချုပ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားကို အလုံးအရင်းဖြင့် ဖြန့်ကြက်မည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် လီကော်နူးက ပြောကြားထားသည်။ ပြင်သစ်မြို့ကြီးများ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်လုယက်မှုများအတွက် လက်ဝဲ နိုင်ငံရေးအုပ်စုများကို ပြင်သစ်ဝန်ကြီးချုပ်လီကော်နူးက အပြစ်တင်ထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။