“ကွန်ဂိုနိုင်ငံ(DRC)၌ အီဘိုလာရောဂါ ကာကွယ်ဆေးထိုးနှံမှုက ရောဂါဖြစ်ပွားရာ ဗဟိုချက်ပြည်နယ်အထိ တိုးချဲ့လာ”

22 Sep

ကွန်ဂိုနိုင်ငံ(DRC)သည် စက်တင်ဘာလ ၁၉ ရက်တွင် Ituri ပြည်နယ် မြို့တော် Bunia ၌ အီဘိုလာရောဂါ ထိုးနှံမှုဆိုင်ရာ သုတေသနတစ်ရပ် စတင်လုပ်ဆောင်ခဲ့ရာ အဆိုပါနိုင်ငံ၌ အီဘိုလာရောဂါကာကွယ်ဆေး Ervebo အသုံးပြုမှုအတိုင်းအတာသည် ယခုအကြိမ်ရောဂါဖြစ်ပွားမှု၏ ဗဟိုချက် Ituri ပြည်နယ်အထိ တစ်ဆင့်တိုး တိုးချဲ့လာမှုကို အမှတ်သင်္ကေတပြုလျက်ရှိသည်။ Ituri ပြည်နယ် အစိုးရအရာရှိသည် ထိုနေ့တွင် Bunia မြို့၌ဦးဆောင်၍ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်မှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းစသည့် ရှေ့တန်းဝန်ထမ်းများက အခြေအနေကို သိရှိကာ သဘောတူညီသောအခြေခံတွင် မိမိဆန္ဒအလျောက် ကာကွယ်ဆေးထိုးနှံမှု ခံယူရန်လည်း တိုက်တွန်းခဲ့သည်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ အဆိုပါ BRAVO ဟု အမည်ရသည့် သုတေသနစီမံကိန်းသည် Ituri ပြည်နယ်နှင့် North Kivu ပြည်နယ်တွင် ရှေ့တန်းဝန်ထမ်း ၂၀,၀၀၀ အတွက် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းကာလမှာ ၉ လမှ ၁၂ လအထိဖြစ်ပြီး ၎င်းအနက် ကာကွယ်ဆေးထိုးနှံမှုကာကလ ၃ လနှင့် စီမံကိန်းတွင်ပါဝင်သူများအား ပြန်လည်သွားရောက်မေးမြန်းမှုကာလ ၆ လထက်မနည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ MSF အဖွဲ့မှ ကူးစက်ရောဂါဗေဒပညာရှင် Guyguy Manangama က ကနဦးအချက်အလက်အချို့အရ အဆိုပါကာကွယ်ဆေးသည် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း သုတေသနပြုလုပ်၍ အတည်ပြုရန်လိုအပ်ကြောင်း ဆိုခဲ့သည်။ ကွန်ဂိုနိုင်ငံ(DRC)အစိုးရသည် ဩဂုတ်လ ၂၇ ရက်တွင် Ervebo ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို စတင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းစသည့် ရှေ့တန်းဝန်ထမ်းများကို ထိုးနှံပေးခဲ့သည်။ ကွန်ဂိုနိုင်ငံ(DRC) ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ စက်တင်ဘာလ ၁၇ ရက်အထိ Tshopo ပြည်နယ်နှင့် Bas-Uele ပြည်နယ်တွင် လူပေါင်း ၃,၇၇၁ ဦးအတွက် အဆိုပါကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်ကြောင်း၊ အဆိုပါနိုင်ငံတွင် စုစုပေါင်း အစီရင်ခံတင်ပြသည့် အီဘိုလာရောဂါ အတည်ပြုလူနာ ၇,၅၄၁ ဦးအနက် ၃,၆၃၉ ဦးသေဆုံးပြီး စုစုပေါင်း ၁,၈၂၃ ဦးကို ရောဂါပျောက်ကင်းအောင် ကုသနိုင်ခဲ့ကြောင်း သိရသည်။ ကွန်ဂိုနိုင်ငံ(DRC)က မေလ ၁၅ ရက်တွင် အီဘိုလာရောဂါဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ယခုအကြိမ်ရောဂါဖြစ်ပွားမှုသည် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါဗိုင်းရပ်စ်အတွက် အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် သီးသန့်ကုသနည်း မရှိသေးကြောင်း သိရသည်။ လက်ရှိတွင် Zaire အမျိုးအစား အီဘိုလာဗိုင်းရပ်စ်အား ကြိုတင်ကွယ်ရာ၌အသုံးပြုရန် ခွင့်ပြုချက် ရရှိထားသည့် Ervebo ကာကွယ်ဆေးကို ပရိုတိုကောအရ စာနာမှုအနေဖြင့် အသုံးပြုခြင်း မူဘောင်အောက်တွင် ယခုအကြိမ် ရောဂါဖြစ်ပွားမှုအား ကိုင်တွယ်စီမံရန်အတွက် အသုံးပြုနေကြောင်း၊ တစ်ချိန်တည်းတွင် အဆိုပါ ကာကွယ်ဆေးက Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်အပေါ် ကာကွယ်ပေးနိုင်မှုရလဒ်ကိုလည်း သုတေသန ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

22 Sep

ADVERTISE HERE .