“မကွေးမြို့ မြသလွန်စေတီတော် အကြိမ် ၂၅၉၀ မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၀ ရက်မှ လပြည့်ကျော် ၁၄ ရက်ထိ ကျင်းပမည်”
20 Sep
မကွေးမြို့ မြသလွန်စေတီတော်မြတ်၏ အကြိမ် ၂၅၉၀ မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၀ ရက်မှ လပြည့်ကျော် ၁၄ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားပွဲဈေးအဖြစ် ဈေးဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော် ခင်းကျင်းရောင်းချနိုင်ရန် စီစဉ်ထားရှိပြီး အနယ်နယ်အရပ်ရပ်ကလာရောက်တဲ့ ဘုရားဖူးပြည်သူများအတွက် အခမဲ့နားနေဆောင်များကို ရေမီးအပြည့်အစုံနဲ့ လူဦးရေ ၁,၀၀၀ စာ စီစဉ်ပေးထားမှာဖြစ်ပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပြီး ပဋ္ဌာန်းပွဲသိမ်းတဲ့အခါ သံဃာတော်များကို ဆွမ်းကပ်လှူခြင်းနဲ့ ဝတ္ထုငွေများလှူဒါန်းပြီး ပင့်သံဃာအပါး ၁,၅၀၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမှာဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ညမှာ ဆီမီး ၉,၀၀၀၊ နံ့သာ ၉,ဝဝဝ၊ ပန်း ၉,၀၀၀ ပူဇော်ပွဲ ကျင်းပမှာဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖိတ်ခေါ် ထားရှိကြောင်း သိရပါတယ်။(NVS 008)