“မဇ္ဈိမာလင်္ကာရ သာမဏေကျော်အသင်းသို့ အလှူတော်ငွေပေးအပ်လှူဒါန်း”

20 Sep

မဇ္ဈိမာလင်္ကာရသာမဏေကျော်အသင်းသို့ အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း၊ ဗုဒ္ဓဝါဆိုစဉ်စာအလင်္ကာများ၊ ဓမ္မစကြာ မဟာဋီကာသစ်ကျမ်းကြီးစာအုပ်များ လှူဒါန်းခြင်းနှင့် လှည်းကူးမြို့နယ် သံဃနာယကအဖွဲ့ရုံး အဆောက် အအုံသစ် ဆောက်လုပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာ၌ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသော ဆရာတော်ကြီး ၂၇ ပါး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အင်းစိန် မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူ ကြည်ညိုကာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများ၊ အလှူရှင်များက လှူဒါန်းသည့်ဝတ္ထုပစ္စည်းများနှင့် ဗုဒ္ဓဝါဆိုစဉ်စာအလင်္ကာများ၊ ဓမ္မစကြာ မဟာဋီကာသစ်ကျမ်းကြီးစာအုပ်များကို လှူဒါန်းခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလှူရှင်များလှူဒါန်းသည့် မဇ္ဈိမာ လင်္ကာရသာမဏေကျော်အသင်းနှင့် လှည်းကူးမြို့နယ် မြို့နယ်သံဃနာယကရုံးသစ်အတွက် အလှူငွေများကို လက်ခံ ခဲ့ကြပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက်၏ ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။(NVS 008)

20 Sep

ADVERTISE HERE .