“ရှားပါးဂုဏ်ပြုမှုအဖြစ် ထရမ့် က ရှီကျင့်ဖျင် ကို လေဆိပ်၌ ကိုယ်တိုင်ကြိုဆိုမည်”

20 Sep

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လာမည့်စက်တင်ဘာလ ၂၃ ရက်တွင် အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာမည့် တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဝါရှင်တန်မြို့အနီးရှိ Joint Base Andrews လေဆိပ်၌ ကိုယ်တိုင်သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက အတည်ပြုထားသည်။ ယင်းအစီအစဉ်သည် အမေရိကန်သမ္မတတစ်ဦးအနေဖြင့် နိုင်ငံခြားခေါင်းဆောင်တစ်ဦးကို လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုခြင်းမှာ ရှားပါးသည့် သံတမန်ရေးရာ ဂုဏ်ပြုမှုတစ်ရပ်ဖြစ်သည်။ အမေရိကန်သမ္မတ သည် နိုင်ငံခြားခေါင်းဆောင်များကို လေဆိပ်၌ ကိုယ်တိုင်သွားရောက်ကြိုဆိုလေ့မရှိဘဲ အိမ်ဖြူတော်တွင်သာ တရားဝင်ကြိုဆိုလေ့ရှိသည်။ ရှီကျင့်ဖျင် ၏ လေယာဉ်သည် စက်တင်ဘာလ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် Joint Base Andrews သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ရှီကျင့်ဖျင် ၏ အမေရိကန်ခရီးစဉ်အတွင်း ထရမ့် နှင့် တရားဝင်တွေ့ဆုံဆွေးနွေး မှုများအပြင် အိမ်ဖြူတော်၌ နိုင်ငံတော်အဆင့်ကြိုဆိုပွဲနှင့် ညစာစားပွဲများလည်း ပြုလုပ်ရန်စီစဉ်ထားသည်။ ဆွေးနွေးမည့် အဓိကအကြောင်းအရာများတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေး၊ မြေရှားသတ္တုများ၊ ဉာဏ်ရည်တု နည်းပညာဆိုင်ရာကိစ္စရပ်များ ပါဝင်မည်ဖြစ်သည်။ ယခုလို ထရမ့် က ရှီကျင့်ဖျင် ကို လေဆိပ်အထိ ကိုယ်တိုင် သွားရောက်ကြိုဆိုမည့်အစီအစဉ်သည် အမေရိကန်-တရုတ် ဆက်ဆံရေးအတွင်း အဆင့်မြင့်သံတမန်ရေးရာ ထိတွေ့ ဆက်ဆံမှုများ ပြန်လည်မြင့်တက်လာမှုကို ထင်ဟပ်စေသည့် အစီအစဉ်တစ်ရပ်လည်းဖြစ်လာသည်။

20 Sep

ADVERTISE HERE .