“အီရန်စစ်ပွဲအတွက် အမေရိကန်နိုင်ငံ၏ ကုန်ကျစရိတ် ဒေါ်လာ ၄၃ ဒသမ ၆ ဘီလီယံအထိရှိလာ”
20 Sepအီရန်နှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွက် အမေရိကန်၏ ကုန်ကျစရိတ်သည် စက်တင်ဘာလ ၃ ရက်အထိ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆ ဘီလီယံအထိရှိလာကြောင်း အမေရိကန် အလယ်ပိုင်းဒေသစစ်ဌာနချုပ်က လွှတ်တော်သို့ပေးပို့သည့် ကုန်ကျစရိတ်ဆိုင်ရာ အချက်အလက်များအရသိရကြောင်း ဒေသတွင်းသတင်းဌာနများက စက်တင်ဘာလ ၁၈ ရက်တွင်ဖော်ပြထားသည်။ အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်၏ ခန့်မှန်းချက်အရ အဆိုပါပမာဏတွင် စစ်ဆင်ရေးများအတွက် ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံခန့်၊ အသုံးပြုပြီးသွားသည့် လက်နက်ခဲယမ်းများကို ပြန်လည်ဖြည့်တင်းရန် ဒေါ်လာ ၂၈ ဒသမ ၁ ဘီလီယံနှင့် စစ်လက်နက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအတွက်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ပါဝင်သည်။ ထို့ကြောင့် စုစုပေါင်းကုန်ကျစရိတ်၏ သုံးပုံနှစ်ပုံနီးပါးသည် လက်နက်ခဲယမ်းများ ပြန်လည်ဖြည့်တင်းရန်လိုအပ်သည့် အသုံးစရိတ်ဖြစ်သည်။ အဆိုပါစာရင်းတွင် လောင်စာဆီကုန်ကျစရိတ်နှင့် အခြားသောအသုံးစရိတ်များ ပါဝင်သော်လည်း အီရန်၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ ပျက်စီးမှုများကို ပြန်လည် ပြုပြင်ရန် ကုန်ကျမည့်အသုံးစရိတ်များ မပါဝင်သေးကြောင်း ဖော်ပြထားသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ယခုသီတင်းပတ်အစောပိုင်း ထုတ်ပြန်ချက် အရ အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ အိုမန်နှင့် ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ၌ အခြေခံအဆောက်အဦနှင့် အခြားအဆောက်အအုံဆိုင်ရာပစ္စည်း ရာနှင့်ချီပျက်စီးခဲ့ကြောင်းသိရသည်။ စစ်ပွဲတွင် လက်နက်ခဲယမ်း အလွန်အကျွံ အသုံးပြုခဲ့ခြင်းကြောင့် အမေရိကန်၏ မဟာဗျူဟာမြောက်လက်နက်များလည်း များစွာလျော့နည်းနေပြီဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ကထုတ်ပြန်ထားသည်။