“အင်ဒိုနီးရှား၏ ပထမဆုံးလေယာဉ်တင်သင်္ဘော ဂျကာတာသို့ရောက်ရှိ”
19 Sep
အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးသော လေယာဉ်တင်သင်္ဘောဖြစ်လာမည့် အီတလီရေတပ်တွင် အသုံးပြု ထားသည့် Giuseppe Garibaldi စစ်သင်္ဘောသည် စက်တင်ဘာလ ၁၈ ရက်တွင် ဂျကာတာမြို့ရှိ Tanjung Priok ဆိပ်ကမ်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသင်္ဘောသည် အီတလီနိုင်ငံမှ သီတင်းပတ်သုံးပတ်ကြာ ခရီးနှင်လာပြီးနောက် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် KRI Sriwijaya အမည်ဖြင့် ပြောင်းလဲအသုံးပြုသွားရန်စီစဉ်ထားသည်။ Giuseppe Garibaldi သည် ၁၉၈၅ ခုနှစ်တွင် အီတလီရေတပ်၌ စတင်တာဝန်ထမ်းဆောင်ပြီး ၂၀၂၄ ခုနှစ်တွင် အနားယူခဲ့သည့် သင်္ဘောဖြစ်သည်။ အီတလီအစိုးရက ယူရို ၅၄ သန်းကျော်တန်ဖိုးရှိ သင်္ဘောကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ သင်္ဘောသည် ဩဂုတ်လ ၂၄ ရက်က အီတလီနိုင်ငံမှထွက်ခွာခဲ့ပြီး ဆော်ဒီအာရေဗျနှင့် သီရိလင်္ကာတို့တွင် ရပ်နားကာ အင်ဒိုနီးရှားရေပိုင်နက်အတွင်း ဝင်ရောက်လာချိန်တွင် အင်ဒိုနီးရှားရေတပ်မှ ဖရီးဂိတ်စစ်ရေယာဉ် နှစ်စင်းက ဂျကာတာအထိ လိုက်ပါစောင့်ကြပ်ပေးခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားရေတပ်အနေဖြင့် အဆိုပါလေယာဉ်တင်သင်္ဘောကို စက်တင်ဘာလ ၂၄ ရက်တွင် အင်ဒိုနီးရှား အလံတင်၍ တရားဝင် တာဝန်ပေးအပ်သွားမည်ဖြစ်သည်။ ယင်းနောက် သင်္ဘောကို ခေတ်မီအောင် ပြန်လည်မွမ်းမံ နိုင်ရန် ရူပီးယား ၇ ဒသမ ၂ ထရီလီယံခန့် အသုံးပြုပေးသွားမည်ဖြစ်သည်။ ထိုသင်္ဘောကို စစ်ရေးတာဝန်များအပြင် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများတွင် အဓိကအသုံးပြုရန် စီစဉ်ထားသည်။ အထူးသဖြင့် ကာလီမန်တန်နှင့် ဆူမားတြားတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တောမီးများကို ငြိမ်းသတ်ရာတွင် ရဟတ်ယာဉ်များ သယ်ဆောင်ကာ ပင်လယ်ပြင်မှ လှုပ်ရှားနိုင်သည့် စခန်းအဖြစ် အသုံးပြုရန်ရည်ရွယ်ထားကြောင်း သိရသည်။