“မြန်မာ့အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်လိုကြောင်း မြန်မာကောင်စစ်ဝန်ချုပ်ပြောကြား”
18 Sep
မြန်မာ့အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေးအတွက် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရန်ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန် ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့် က “Export China-ASEAN Eco-Friendly Brand Launch and Promotion Conference” မှာ ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ ၁၇ ရက်မှာ တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရန်မြို့ရှိ ကွေ့ရန်အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် ပြပွဲစင်တာမှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် အမျိုးသားအဆင့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်မှုနှင့် ဈေးကွက်မြှင့်တင်ရေးညီလာခံ၏ အဓိကအစီအစဉ်ဖြစ်သော “Export China-ASEAN Eco-Friendly Brand Launch and Promotion Conference” သို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာကောင်စစ်ဝန် ချုပ်က မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အခြေခံ၍ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကို အလေးထားပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အရည်အသွေး မြင့် လယ်ယာထွက်ကုန်များ တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေးအပြင် လယ်ယာ ထွက်ကုန်ပြုပြင်ထုတ်လုပ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေးတို့မှာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားလိုကြောင်း ကောင်စစ်ဝန်ချုပ်က ပြောကြားခဲ့ပါတယ်။ အဆိုပါညီလာခံကို “လယ်ယာနှင့် ကုန်သွယ်ရေးချိတ်ဆက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်ခြင်း” ဟူသည့် ဆောင်ပုဒ်ဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကွေ့ရန်မြို့မှာ ကျင်းပလျက် ရှိကြောင်း သိရပါတယ်။ (NVS 008)