“QR Code နဲ့ ဆီရောင်းချရာမှာ ညွှန်ကြားချက် မလိုက်နာတဲ့ စက်သုံးဆီဆိုင် ၂၀ ကို အရေးယူခဲ့”
17 Sep
စက်သုံးဆီအရောင်းဆိုင်များမှာ QR Code/ Barcode စနစ်အသုံးပြု၍ရောင်းချရာ၌ သတ်မှတ်ထားတဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိတဲ့ ဆိုင် ၂၀ ကို စိစစ်ဖော်ထုတ်၍ ထိရောက်စွာအရေးယူဆောင်ရွက် ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် အရောင်းဆိုင်များမှ ယာဉ်များ၏ QR/Barcode ကို Scan ဖတ်၍ ရောင်းချတဲ့ ပမာဏပေါ် မူတည်ပြီး စက်သုံးဆီဝယ်ယူခွင့်(PO) များကို ခွဲဝေပေးလျက်ရှိပါတယ်။ အခုရောင်းချမှု အခြေအနေများကို Online Monitoring Center မှတစ်ဆင့် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိပါတယ်။ စနစ်မှန်ကန်ရေးအတွက် ဆိုင်သို့ အမှန်တကယ်လာရောက်ဝယ်ယူတဲ့ ယာဉ်များကိုသာ Scan ဖတ်ရောင်းချ ရန်နှင့် မသမာသော နည်းလမ်းနဲ့ ရောင်းအားမြင့်တက်အောင်ဆောင်ရွက်ပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကို ကြိုတင်အသိပေးထားပြီးဖြစ်ပါတယ်။ အချို့အရောင်းဆိုင်များက မူရင်း QR ကို Scan မဖတ်ဘဲ ယာဉ်နံပါတ်များကို ရိုက်ထည့်ကာ ဆီဝယ်ယူခွင့် (PO) ပိုမိုရရှိရန် ဆောင်ရွက်နေသည်ကို Control Centre မှ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပြစ်မှုကျူးလွန်တဲ့ အရောင်းဆိုင် ၂၀ ကို ဝယ်ယူခွင့်ပမာဏ လျှော့ချခြင်း၊ ဒဏ်ကြေးငွေ တပ်ရိုက်ခြင်းနှင့် ပြင်းထန်စွာ သတိပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ယခုအခါစက်သုံးဆီဖြန့်ဖြူးမှု စနစ်တကျရှိစေရေးအတွက် နည်းပညာအဆင့်မြှင့်တင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ မသမာမှုမျိုး ထပ်မံတွေ့ရှိပါက အရောင်းဆိုင်ကို အမြဲတမ်း ပိတ်သိမ်းသည် အထိ ဥပဒေနှင့်အညီ ပြင်းထန်စွာအရေးယူသွားမည်ဖြစ်၍ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ဆိုင်များကို စိစစ်ကြပ်မတ် ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတိပေးထားပါတယ်။ (NVS 008)