“အိုဇုန်းလွှာကာကွယ်ရေးကို ပေါင်းစပ်ဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား”

17 Sep

အိုဇုန်းလွှာကာကွယ်ရေးလုပ်ငန်းများကို ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ စွမ်းအင်ထိရောက်စွာ အသုံးချရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က စက်တင်ဘာလ ၁၆ ရက်မှာ ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပတဲ့ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အိုဇုန်းလွှာထိန်းသိမ်းရေးလုပ်ငန်းများမှာ သက်ဆိုင်ရာဌာနများ၊ ပညာရေးအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများ၊ နည်းပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ အားလုံးက မိမိတို့ အခန်းကဏ္ဍအလိုက် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ မွန်ထရီယယ်လ် စာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “ကမ္ဘာမြေပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” နှင့်အညီ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ အိုဇုန်းလွှာ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဗီဒီယိုများပြသခြင်း၊ စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲဆုရရှိသူများကို ဆုချီးမြှင့်ခြင်းနှင့် အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခြင်းတို့ ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။ (NVS 008)

17 Sep

ADVERTISE HERE .