“ဒုတိယအကြိမ် Myanmar Auto & Parts Expo 2026 ရန်ကုန်မြို့မှာ သုံးရက်ကြာ ကျင်းပမည်”
17 Sep
ဒုတိယအကြိမ် မြန်မာ့မော်တော်ယာဉ်နှင့်အပိုပစ္စည်းပြပွဲ Myanmar Auto & Parts Expo 2026 ကို စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိ Yangon Convention Centre(YCC)မှာ သုံးရက်ကြာ ကျင်းပ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်။ အဆိုပါပြပွဲမှာ မော်တော်ယာဉ်နှင့် အပိုပစ္စည်းကဏ္ဍမှ လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများနှင့် လုပ်ငန်းမိတ်ဖက်များ ပါဝင်မှာဖြစ်ပြီး မော်တော်ယာဉ်နှင့် အပိုပစ္စည်းဆိုင်ရာ ထုတ်ကုန်များ၊ နည်းပညာများနှင့် လုပ်ငန်းအခွင့်အလမ်းများကို ခင်းကျင်းပြသသွားမည်ဖြစ်ပါတယ်။ ပြပွဲမှတစ်ဆင့် မော်တော်ယာဉ်နှင့် ဆက်စပ်ကဏ္ဍများအတွင်းရှိ လုပ်ငန်းရှင်များအကြား ချိတ်ဆက် တွေ့ဆုံနိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် လုပ်ငန်းအခွင့်အလမ်းသစ်များ ရှာဖွေနိုင်ရေး တို့အတွက်လည်း အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ Myanmar Auto & Parts Expo 2026 တွင် မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ပံ့ပိုးကူညီသည့်အဖွဲ့အစည်း(Supported Organization)အဖြစ် ပါဝင်ဆောင်ရွက်မှာဖြစ်ပြီး ယင်းအတွက် Silver Sea ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးထားကြောင်း သိရပါတယ်။ (NVS 008)