“အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဂရင်းလန်းကျွန်းအရေးအား ဖြေရှင်းလိုကြောင်း ဒိန်းမတ်ဝန်ကြီးချုပ်ဆို”
15 Sep
ဒိန်းမတ်နှင့် အမေရိကန်သည် အာတိတ်နှင့် ဂရင်းလန်းကျွန်းအရေးတွင် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းမှု နည်းလမ်းအား ရှာဖွေတွေ့ရှိရန် မျှော်လင့်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က စက်တင်ဘာလ ၁၄ ရက်တွင် ဖင်လန်နိုင်ငံမြောက်ပိုင်း Rovaniemi မြို့၌ ပြောကြားခဲ့သည်။ Mette Frederiksen က ဒိန်းမတ်နှင့် အမေရိကန်၏ ဂရင်းလန်းကျွန်းအရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့သည် လုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ အနှစ်ချုပ်ဆုံးဖြတ်ချက် မချမှတ်နိုင်သေးသော်လည်း ၎င်း အနေဖြင့် နည်းလမ်းရှာတွေ့ရန် အပြုသဘောဆောင်သည့် သဘောထားရှိကြောင်း ထိုနေ့တွင် ဥရောပအာတိတ် ထိပ်သီးအစည်းအဝေးပြီးနောက် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အာတိတ်ဒေသလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ Mette Frederiksen က လက်ရှိတွင် မဟာမိတ်နိုင်ငံများစွာက ဂရင်းလန်းကျွန်းတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေကြောင်း၊ ဥရောပနှင့် အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော် မိတ်ဖက်များသည် ဂရင်းလန်းကျွန်းနှင့် အာတိတ်ဒေသ၏ လုံခြုံရေးကို အာမခံပေးရန်အတွက် ပိုမိုများပြားသော တာဝန်များကို အတူတကွတာဝန်ခံယူနေရကြောင်း ပြောကြားခဲ့သည်။ ဥရောပအာတိတ် ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၁၃ ရက်မှ ၁၄ ရက်အထိ ဖင်လန်နိုင်ငံ Rovaniemi မြို့၌ ကျင်းပခဲ့သည်။ ဖင်လန်နိုင်ငံဝန်ကြီးချုပ် Petteri Orpo က အာတိတ်ဒေသသည် ကြွယ်ဝသော သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်ထားကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေကြောင်းလမ်းအသစ်ကို ဖော်ဆောင်လျက်ရှိသလို တစ်ချိန်တည်းတွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများလည်း သယ်ဆောင်လာကြောင်း၊ ဥရောပနိုင်ငံများအနေဖြင့် တိကျသောလှုပ်ရှားမှုများ လုပ်ဆောင်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် လိုအပ်ကြောင်း အစည်းအဝေးမတိုင်မီ မီဒီယာများကို ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ အမေရိကန်သမ္မတ ထရမ့် သည် ၂၀၂၅ ခုနှစ်တွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဂရင်းလန်းကျွန်းအားရယူမည်ဟု အကြိမ်များစွာ ကြုံးဝါးခဲ့သည်။ ယင်းကြောင့် အမေရိကန်နှင့် ဒိန်းမတ် စသည့် ဥရောပနိုင်ငံများဆက်ဆံရေးသည် တစ်ဆင့်တိုး တင်းမာလာခဲ့ကြောင်း သိရသည်။ (Repost from Xinhua)