“ဆော်ဒီအာရေဗျ လေတပ်စခန်းတစ်ခုကို ဒုံးကျည်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင် တပ်ဖွဲ့ဆို”

15 Sep

ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ဘက်မြို့ဖြစ်သော Khamis Mushait ရှိ ဘုရင်ခါလစ်လေတပ်စခန်းသို့ ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းအစင်း ဒါဇင်ပေါင်းများစွာကို ပစ်လွှတ် ခဲ့သည်ဟု ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်ရှိ Almasirah ရုပ်မြင်သံကြားဌာနက စက်တင်ဘာလ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အဆိုပါတိုက်ခိုက်မှု၏ ပစ်မှတ်များမှာ လေတပ်စခန်းအတွင်းရှိ တိုက်လေယာဉ်ဂိုဒေါင်များ၊ ရေဒါစနစ်များ၊ ပြေးလမ်းများနှင့် လက်နက်ခဲယမ်းတိုက်များဖြစ်ကြောင်း၊ တိုက်ခိုက်မှုသည် တိကျပြီး တိုက်ရိုက်ထိမှန်ကာ ကြီးမားသောဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဟူသီလက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea ၏ ကြေညာချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။ Sarea က ၎င်း၏ကြေညာချက်တွင် ယင်းလှုပ်ရှားမှုသည် ယီမင်အပေါ် ဆော်ဒီအာရေဗျ၏ လေကြောင်း တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် မြှင့်တင်လုပ်ဆောင်လာသည့်အတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။ လတ်တလောတွင် ဆော်ဒီအာရေဗျလေတပ်၏ F-15 တိုက်လေယာဉ်များနှင့် တိုင်ဖွန်း တိုက်လေယာဉ် များသည် Khamis Mushait နှင့် Taif လေတပ်စခန်းများမှပျံတက်ကာ ယီမင်နိုင်ငံ ပြည်နယ်အများအပြားကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ ကျော် ပြုလုပ်ခဲ့သည် ဆော်ဒီအာရေဗျ အရပ်ဘက်ကာကွယ်ရေးဦးစီးဌာနချုပ်က စက်တင်ဘာလ ၁၄ ရက်တွင် ဆော်ဒီအာရေဗျ နိုင်ငံ အနောက်တောင်ဘက် ယီမင်နယ်စပ်အနီးရှိ မြို့အများအပြားသို့ လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာလ ၁၃ ရက် ညဉ့်နက်ပိုင်းမှ ၁၄ ရက် နံနက်အစောပိုင်းအထိ Khamis Mushait၊ Abha စသည့်မြို့များမှ ဒေသခံများက ၎င်းတို့၏ လက်ကိုင်ဖုန်းများမှတစ်ဆင့် လုံခြုံရေးသတိပေးချက်များ လက်ခံရရှိခဲ့သည်။ Sarea က လွန်ခဲ့သော ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျသည် ယီမင်နိုင်ငံ ပြည်နယ် ၆ ခုကို လေကြောင်း တိုက်ခိုက်မှု ၅၈ ကြိမ်ပြုလုပ်ခဲ့ပြီး ယီမင်ဒေသအများစုကို သက်ရောက်မှုရှိစေခဲ့သည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ဆိုခဲ့သည်။ F-15 တိုက်လေယာဉ်များသည် ဘုရင်ခါလစ်လေတပ်စခန်းမှ ပျံတက်ပြီးနောက် အထက်ပါ လေကြောင်း တိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ (Repost from Xinhua)

15 Sep

ADVERTISE HERE .