“PJ သက်တမ်းတိုး လိမ်လည်လျှောက်ထားမှုများကြောင့် ရက်ချိန်းစိစစ်မှု ကြန့်ကြာနေ”
15 Sep
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ရက်ချိန်းလျှောက်ထားမှုများအနက် မမှန်မကန်နှင့် လိမ်လည်လျှောက်ထားမှုများ စိစစ်တွေ့ရှိနေရသဖြင့် ရက်ချိန်း စိစစ်ရွေးချယ်ရာမှာ နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်နေကြောင်း စက်တင်ဘာလ ၁၄ ရက်မှာ အသိပေးထားပါတယ်။ သံရုံးအနေဖြင့် WhatsApp နှင့် အီးမေးလ်မှတစ်ဆင့် ရက်ချိန်းလျှောက်ထားသူများအနက် Work Permit နှင့် Special Pass သက်တမ်းကုန်ဆုံးရက် နီးကပ်နေသူများကို ဦးစားပေးစိစစ်ရွေးချယ်ကာ ရက်ချိန်းပေး၍ PJ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးခြင်းကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလိုလျှောက်ထားသူအချို့က WhatsApp နှင့် အီးမေးလ်သို့ ထပ်ခါတလဲလဲ ပေးပို့ခြင်း၊ ဖုန်းနံပါတ်အမျိုးမျိုး အသုံးပြုလျှောက်ထားခြင်း၊ ဖုန်းခေါ်ဆိုခြင်းနှင့် Voice Message များပေးပို့ခြင်းအပြင် နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်းနှင့် မသက်ဆိုင်သည့် အကြောင်းအရာများ ပေးပို့ခြင်းတို့ ပြုလုပ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် Work Permit သက်တမ်းကုန်ဆုံးရက်ကို မမှန်မကန်ဖော်ပြ၍ လျှောက်ထားခြင်းနှင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း မရှိဘဲ ပျောက်ဆုံးသည်ဟု လိမ်လည်လျှောက်ထားခြင်းများလည်း စိစစ်တွေ့ရှိထားကြောင်း သိရပါတယ်။ အခုလို မမှန်မကန်လျှောက်ထားမှုကို ပထမအကြိမ် စိစစ်တွေ့ရှိပါက ရက်ချိန်းကို နောက်သို့ရွှေ့ဆိုင်းမည် ဖြစ်ပြီးထပ်မံတွေ့ရှိပါက ရက်ချိန်းလျှောက်ထားမှုကို ထည့်သွင်းစဉ်းစားမှာမဟုတ်တဲ့အပြင် လျှောက်ထားတဲ့ ဖုန်းနံပါတ်များကို ပိတ်ပင်(Block)သွားမှာဖြစ်ကြောင်း သတိပေးထားပါတယ်။ Work Permit သက်တမ်းကုန်ဆုံးရန် သုံးလအလိုမှသာ သံရုံး၏ WhatsAppမှတစ်ဆင့် ရက်ချိန်းလျှောက်ထားရန်နှင့် အီးမေးလ်မှ လျှောက်ထားရာမှာ သက်ဆိုင်ရာကုမ္ပဏီများက အဖွဲ့လိုက်(Group)လျှောက်ထားရန် အသိပေးထားပါတယ်။ (NVS 008)