“စစ်ကိုင်းခရိုင်မှာ ဆီထွက်သီးနှံ ဧက ၁ ဒသမ ၂ သိန်းကျော် စိုက်ပျိုးရန်လျာထား”
15 Sep
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် မြေပဲ၊ နှမ်းနှင့် နေကြာစတဲ့ ဆီထွက်သီးနှံ ၁၂၆,၄၄၀ ဒသမ ၈ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိမှာ ၉၆,၀၀၂ ဒသမ ၅ ဧကစိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရပါတယ်။ ယင်းပမာဏက လျာထားစိုက်ဧက၏ ၇၅ ဒသမ ၉၃ ရာခိုင်နှုန်းခန့်ရှိပြီး ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့ရေး အပြင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးကိုပါ အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ မြေပဲတစ်ဧက တင်း ၇၀၊ နှမ်းတစ်ဧက တင်း ၂၀ နှင့် နေကြာတစ်ဧက တင်း ၅၀ အထိ ထွက်ရှိနိုင်ရေး ရည်မှန်းဆောင်ရွက်နေပြီး စစ်ကိုင်းခရိုင်၏ စားသုံးဆီဖူလုံမှုမှာ ၄၉၄ ဒသမ ၇၀ ရာခိုင်နှုန်းအထိရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် ဆီထွက်သီးနှံ များတိုးချဲ့စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းတိုးတက်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အရည်အသွေး ကောင်း မျိုးစေ့များရရှိရေး၊ စိုက်ပျိုးနည်းစနစ်ကောင်းများ အသုံးပြုနိုင်ရေး၊ သဘာဝမြေဩဇာအသုံးပြုရေးနှင့် ပိုးမွှားရောဂါကာကွယ်ရေးတို့ကို ကူညီပံ့ပိုးပေးလျက်ရှိပြီး ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာရရှိရေးနှင့် အရည်အသွေးမီ စားသုံးဆီထုတ်လုပ်နိုင်ရေးအတွက် ဒေသတွင်းဆီစက်ပိုင်ရှင်များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)