“သီတဂူဆရာတော်ကြီးမှ ရေဘေးနှင့်ကြုံတွေ့ခဲ့တဲ့ နီပေါနိုင်ငံသားများကို အမေရိကန်ဒေါ်လာ ၁ သောင်းလှူဒါန်း”
15 Sep
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ကြီးက နီပေါနိုင်ငံမှာ ရေခဲမြစ်ပျော်ကျရာမှ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ရေဘေးနှင့်ကြုံတွေ့ခဲ့တဲ့ နီပေါနိုင်ငံသားများ အတွက် အမေရိကန်ဒေါ်လာ ၁ သောင်းလှူဒါန်းခဲ့ကြောင်းသိရပါတယ်။ အဆိုပါပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ ၁၃ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်ကျင်းပရာ သီတဂူဆရာတော်ကြီးက ၂၀၂၆ ခုနှစ် ဩဂုတ်လ၂၆ ရက်က နီပေါနိုင်ငံတွင် ရေခဲမြစ်ပျော်ကျရာမှဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အိုးအိမ်များပျက်စီးဆုံးရှုံး ခဲ့ရသည့် နီပေါနိုင်ငံသားများအား ကူညီထောက်ပံ့နိုင်စေခြင်းအကျိုးငှာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းမိန့်ကြားခဲ့ပါတယ်။ ထို့နောက် သီတဂူဆရာတော်ကြီးက နီပေါနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ ၁ သောင်းကို ပေးအပ် လှူဒါန်းရာ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးကလက်ခံရယူခဲ့ပါတယ်။ ထို့အပြင် နီပေါနိုင်ငံသံအမတ်ကြီးက မိတ်ဖက်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအစိုးရ၏ ကရုဏာထားလှူဒါန်းမှုများ ရှိခဲ့ပါကြောင်း၊ လှူဒါန်းပေးသည့်အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ဆရာတော်ကြီးမှ ယခုကဲ့သို့ မေတ္တာကရုဏာထားပြီး စောင့်ရှောက်လှူဒါန်းမှု ပြုလုပ်ပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြန်လည်လျှောက်ထားခဲ့ပါတယ်။ (NVS 008)