“သီပေါဟော်နန်းကို နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် နိုင်ငံတော်အဆင့် ကမ္ပည်းမော်ကွန်းတင်မည်”

15 Sep

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင်သီပေါဟော်နန်းကို နှစ် ၁၀၀ နှင့်အထက်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်လိုက်ပြီးနောက် နိုင်ငံတော်အဆင့်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းတင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ သီပေါဟော်နန်းကို ယဥ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ယခုနှစ်ဇူလိုင်လ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စပ်အုံကြာက အနောက်တိုင်းဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စော်ဘွားကြီး စဝ်ကြာဆိုင် မိသားစုနေထိုင်ခဲ့ ဖူးတဲ့ သမိုင်းဝင်အဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်။ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် သီပေါဟော်နန်းကို ယဉ်ကျေးမှုပြတိုက်အဖြစ် ထားရှိပြီး ခရီးသွားများလေ့လာနိုင်ရန် သတ်မှတ်ချိန်အတိုင်း ဖွင့်လှစ် ပေးသွားမည်ဖြစ်ပါတယ်။ ဒါ့အပြင် သီပေါဟော်နန်း၏ မူလလက်ရာနှင့် အဆောက်အအုံကို မထိခိုက်စေရန် ဟော်နန်း ဘေးပတ်လည် ပေ ၁၂၀ အတွင်း အခြားအဆောက်အအုံများ ဆောက်လုပ်မည်မဟုတ်ကြောင်း သိရပါတယ်။ (NVS 008)

15 Sep

ADVERTISE HERE .