“MSMEs လုပ်ငန်းများအတွက် နည်းပညာ ၁၀ မျိုး ဖြန့်ဝေ”

15 Sep

ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် MSMEs များ၏ ပြည်တွင်း၊ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် “MSMEs များကို နည်းပညာ ဖြန့်ဝေခြင်း အစီအစဉ်(၂၀၂၆)” ကို စက်တင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန(DRI)မှာ ကျင်းပခဲ့ပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)၊ စက်မှု နှင့် အသေးစား၊အငယ်စား၊အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန(DISI)နှင့် မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များကွန်ရက်(MYANWEN) တို့ ပူးပေါင်း ကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနားမှာDRI ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး MYANWEN ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုသီရိက အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး MSMEs များ၏ လိုအပ်ချက်နှင့် ကိုက်ညီတဲ့ အစားအသောက်ကြာရှည်ခံခြင်းနှင့် ကြက်သား၊ ငါးမှုန့်ပြုလုပ်ခြင်း၊ ဟင်းသီးဟင်းရွက်အခြောက်ခံခြင်း၊ ငံပြာရည်အရည်အသွေးမြှင့်တင်ခြင်း၊ ဆိုလာနည်းပညာဖြင့် အခြောက်ခံခြင်း၊ အပင်များမှ ဆေးအဆီနှင့် ရနံ့ဆီ ထုတ်ယူခြင်း၊ ပန်းသီးရှာလကာရည်နှင့် ဝါးရွက်မှ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ခြင်း စသည့် နည်းပညာများအပြင် Food Innovation Center ၏ ဝန်ဆောင်မှုများ၊ စံချိန်စံညွှန်းနှင့် ထုတ်ကုန်အရည်အသွေးထောက်ခံချက်ဆိုင်ရာ အချက်အလက်များ၊ ခေတ်မီထုပ်ပိုးမှုနည်းပညာများအပါအဝင် နည်းပညာ ၁၀ မျိုးကို ဖြန့်ဝေပေးခဲ့ပါတယ်။ အခုအစီအစဉ်က သုတေသနမှရရှိတဲ့ စံချိန်စံညွှန်းပြည့်မီပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ ထုတ်လုပ်မှုနည်းစဉ် များကို MSMEs များထံ မျှဝေပေးရန်၊ နည်းပညာဆိုင်ရာအခက်အခဲများကို ပူးပေါင်းဖြေရှင်းရန်နှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် သုတေသနကဏ္ဍတို့အကြား Industry-Research Linkage ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရပါတယ်။ အစီအစဉ်ပထမနေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ MSMEs လုပ်ငန်းရှင် ၁၆၅ ဦးနှင့် ဒုတိယနေ့တွင် ၉၀ ဦး တက်ရောက်ခဲ့ရာ စုစုပေါင်း ၂၅၅ ဦး တက်ရောက်ခဲ့ပါတယ်။ DRI အနေနဲ့ ၂၀၁၄ ခုနှစ်မှစ၍ သုတေသနရလဒ်များကို MSMEs များထံ နည်းပညာလွှဲပြောင်းခြင်း၊ ဖြန့်ဝေခြင်းနှင့် နည်းပညာအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ MSMEs လုပ်ငန်းရှင်နှင့် ကုမ္ပဏီ ၈၇ ခုသို့ နည်းပညာ ၁၄၂ ကြိမ် လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

15 Sep

ADVERTISE HERE .