“မန်ချက်စတာဒါဘီမှာ ဟာလန်း ရဲ့ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက်မှားယွင်းကြောင်း ထုတ်ပြန်ကြေညာ”
14 Sep
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း သွင်းယူခဲ့တဲ့ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက်မှားယွင်းကြောင်း Pro Ref က ထုတ်ပြန်ကြေညာခဲ့ပြီး မန်ယူအသင်းကိုလည်း တောင်းပန်ခဲ့ပါတယ်။ Pro Ref ဆိုတာက အင်္ဂလန်နိုင်ငံက ပရော်ဖက်ရှင်နယ်ဘောလုံးပွဲတွေကို ကြီးကြပ်တဲ့ ပရော်ဖက်ရှင် နယ် ဒိုင်လူကြီးများအဖွဲ့အစည်းဖြစ်ပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ် ဦးဆောင်နေတာ ဖြစ်ပါတယ်။ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန် ပွဲချိန် ၂၃ မိနစ်ကတည်းက ထုတ်ပယ်ခံခဲ့ရတာကြောင့် မန်ယူအသင်းက တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမဲ့ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန်မိနစ် ၆၀ မှာ ဟာလန်း က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းရဲ့ဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့် VAR ဒိုင်အဖွဲ့က လူကျွံဘော မဖြစ်ဘူးလို့ ဆုံးဖြတ်ပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မန်ယူနည်းပြ ကာရစ်က ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့သလို Pro Ref ကလည်း VAR ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)