“ကမ္ဘာ့စွမ်းအင်အတွက် ဆော်ဒီအာရေဗျမှ ရရှိနိုင်သောရေနံပမာဏ ၄ ရာခိုင်နှုန်းအထိဆုံးရှုံးနိုင်”
14 Sep
ဆော်ဒီအာရေဗျနိုင်ငံ၏ ပင်လယ်နီသို့ ဦးတည်သွယ်တန်းထားသော ပင်မအရှေ့-အနောက် ရေနံပိုက်လိုင်း ကို ရက်ပိုင်းအတွင်း ပြန်၍လည်ပတ်နိုင်ခြင်းမရှိပါက ကမ္ဘာ့စွမ်းအင်အတွက် ဆော်ဒီအာရေဗျမှ ရရှိနိုင်သော ရေနံ ပမာဏ ၄ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပြီး ကမ္ဘာ့ရေနံပြတ်လပ်မှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဆော်ဒီအာရေဗျမှ ရေနံဝယ်ယူသူများနှင့် ကုန်သည်များက စက်တင်ဘာလ ၁၃ ရက်တွင်သတိပေးသည်။ ပြီးခဲ့သည့် သီတင်းပတ်ကဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုများကြောင့် ထိုအရှေ့-အနောက် ရေနံပိုက်လိုင်း ကို ပိတ်ထားခဲ့ရခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုပမာဏနှင့် မည်မျှကြာသည်အထိ ပိတ်ထားရမည်ကို ဆော်ဒီအာရေဗျ ဘက်က အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။ အချို့သတင်းအရင်းအမြစ်များ၏ အဆိုအရ ပြင်ဆင်မှုများလုပ်ရန် သီတင်းပတ် ငါးပတ်မှခြောက်ပတ်အထိ ကြာမြင့်နိုင်သည်ဟု သိရသည်။ လွန်ခဲ့သည့် ၆ လအတွင်း စစ်ပွဲများကြောင့် ဟော်မုရေလက်ကြားပိတ်ဆို့မှု ဖြစ်ပွားချိန်တွင် ဆော်ဒီအာရေဗျက ယင်းပိုက်လိုင်းကိုအသုံးပြု၍ ပင်လယ်နီဒေသရှိ ယန်ဘူဆိပ်ကမ်းသို့ တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၄ သန်းခန့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် ယန်ဘူဆိပ်ကမ်း၌ ၅ ရက်မှ ၇ ရက်စာခန့် သာ ပို့ကုန်ကျန်ရှိတော့ပြီး အီဂျစ်နိုင်ငံရှိ သိုလှောင်ကန်များမှ ရေနံများပါ ကုန်လွန်သွားပါက ရေနံထောက်ပံ့မှုမှာ လုံးဝပြတ်တောက်သွားမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ဩဂုတ်လအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံထောက်ပံ့မှုသည် နှစ် ၃၀ အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ယခုနှစ်အတွင်း ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ၆ ရာခိုင်နှုန်းခန့်ဖြစ်သော တစ်ရက်လျှင် ရေနံစည် ၅ ဒသမ ၇ သန်းခန့် လျော့ကျသွားနိုင်သည်ဟု သတိပေးထားသည်။