“တောင်ကိုရီးယားနှင့် ဗဟိုအာရှငါးနိုင်ငံတို့ကြား ထိပ်သီးဆွေးနွေးပွဲ လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည်”
12 Sep
ပထမဆုံးသော တောင်ကိုရီးယား-ဗဟိုအာရှ ထိပ်သီးညီလာခံကို လာမည့်ရက်သတ္တပတ်အတွင်း တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သမ္မတ လီဂျေးမြောင် က ထုတ်ဖော် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ တောင်ကိုရီးယားအစိုးရအနေဖြင့် သဘာဝသယံဇာတကြွယ်ဝသည့် ဗဟိုအာရှဒေသနိုင်ငံများနှင့် ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းနေစဉ်တွင် တောင်ကိုရီးယား-ဗဟိုအာရှ ထိပ်သီးညီလာခံကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ဆိုးလ်မြို့၌ စက်တင်ဘာ ၁၆ ရက်တွင်ကျင်းပမည့် အဆိုပါထိပ်သီးညီလာခံသို့ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မန်နစ္စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ထိပ်သီးညီလာခံ၌ တောင်ကိုရီးယားနှင့် ဗဟိုအာရှနိုင်ငံများမှ ခေါင်းဆောင်များသည် နှစ်ဖက် ဆက်ဆံရေး တိုးချဲ့နိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။ ထို့ပြင် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် သည် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၆ ရက် ကြားကာလအတွင်း ဗဟိုအာရှနိုင်ငံ ငါးနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံဆွေးနွေးရန်လည်း စီစဉ်ထားကြောင်းသိရသည်။